ချောင်းဦးတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သားသေဆုံးမှုရှိဟုဆို

Author လင်းနွေဦး
Categories
Published on Mar 04, 2024

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စစ်ကားနှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၃ ရက် ညပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အညာကာကွယ်ရေးအင်အားစု ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ သတင်းပေးပို့သည်။

 

မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကင်းရွာမှ မုံရွာ နမခသို့  စစ်ကောင်စီယာဉ်များလာရောက်မည်ကို သတင်းရရှိသဖြင့် ကြိုတင်စောင့်ဆိုင်း၍ ချောင်းဦး-မုံရွာ ကားလမ်းမကြီးတစ်နေရာတွင် ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကားတစ်စီး မိုင်းထိမှန်ပြီး စစ်ကောင်စီဘက်မှ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း အညာကာကွယ်ရေးအင်အားစု တာဝန်ခံက ဆိုသည်။

 

“သတင်းကြိုရထားလို့ စောင့်နေတာဗျ။ နှစ်စီးဆွဲတာ။ ဒုတိယတစ်စီးကိုထိပြီး ထိုးရပ်သွားတယ်။ ကားပေါ်မှာပါလာတဲ့ စစ်သားတွေက အသံကျယ်ကြီးတွေနဲ့အော်ပြီး ကြောက်လန့်တကြီးနဲ့ ပြန်ပစ်ကြတယ်ဗျ။ ဟိုဘက်က ထိခိုက်တာရှိပေမဲ့ ညဘက်ကြီးဖြစ်တော့ ဘယ်လောက်ထိခိုက်သေဆုံးတယ်ဆိုတာတော့ ဆက်ပြီးစုံစမ်းနေဆဲပါ” ဟု ၎င်းတာဝန်ခံက CJ Platform သို့ ပြောသည်။

 

ထိုစစ်ဆင်ရေးကို အညာကာကွယ်ရေးအင်အားစုနှင့်အတူ Area 71 PDF Monywa ၊ မုံရွာခရိုင်တပ်ရင်း(၁၂)၊ တပ်ခွဲ(၁)နှင့် တပ်ခွဲ(၃)စသည့် ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အညာကာကွယ်ရေးအင်အားစု တာဝန်ခံပြောကြားချက်အရ သိရသည်။