ချောင်းဦးတွင် စစ်ကောင်စီက အရပ်သား ၄၀ ကျော် ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ် စစ်ကြောင်းထိုး

Author မင်းထက်
Categories
Published on Dec 15, 2023

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ  ကျေးရွာများသို့  စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ကြောင်းထိုးလျက်ရှိကြောင်း ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“ဒီစစ်ကြောင်းက ချောင်းဦးမြို့ပေါ် အထိုင်ချထားတဲ့စခန်းက လာတာပါဗျ။ ခုကတော့ သူတို့က ညောင်ပင်တဲမှာ ရောက်နေတယ်ဗျ။ အဓိကကတော့ ပျူရွာ ၂ ရွာကို သွားချင်တဲ့သဘောပါ။ မနေ့က မတိုင်ခင် လွန်ခဲ့တဲ့ ၂ ရက်ကလည်း လမ်းသွားလမ်းလာပြည်သူတွေ‌ရော၊ မြို့ပေါ်ရော၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်ကရော ကားတွေကိုဖမ်းတယ်။ အရေအတွက်က တော်တော်များတယ်ဗျ။ ၃၀ ကျော်၊ ၄၀ ကျော်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။

 

ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ဒေသခံပြည်သူများသာမက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ဖြတ်သန်းသွားလာနေသော ကားသမားများကိုပါ ဖမ်းဆီးထားကြောင်း၊ ထိုဖမ်းဆီးခံအရပ်သားများကို လူသားဒိုင်းအဖြစ်ပြုလုပ်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ချောင်းဦးမြို့မရဲစခန်းမှတစ်ဆင့် အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်က မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

 

“စစ်ကြောင်းက မြို့ပေါ်က အိမ်တွေကဆို ဆန်အိတ်တွေ၊ ဆန်၊ ဆီနဲ့ ရွှေတွေပါပါတယ်လို့သိရတယ်ဗျ။ တချို့ဆို ကျပ်သားနဲ့ချီပြီး ပါသွားတယ်လို့သိရတယ်။ သူတို့က လုပ်မြဲအတိုင်းပေါ့။ ရိက္ခာပို့မယ်ဆို ပြည်သူတွေဆီက လုယူပို့ဆောင်ခြင်းတွေ လုပ်ဆောင်ခဲ့တယ်” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ချောင်းဦးမြို့နယ်အတွင်းရှိ ရှမ်းထူး၊တောင်ဖီလာ၊ ပေါက်ပင်၊ ညောင်ပင်တဲ စသည့်ကျေးရွာများက ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းတွင် စစ်တပ်က ညောင်ပင်တဲရွာသို့ ဝင်ရောက် မီးရှို့ခဲ့ပြီး လက်ရှိအချိန်အထိ ယင်းစစ်ကြောင်းမှာ ကျေးရွာအတွင်းရှိနေဆဲဖြစ်သောကြောင့် ပျက်စီးဆုံးမှုအနေအထားနှင့် ပျက်စီးသွားသော အိမ်ခြေအရေအတွက်ကို အတိအကျ မသိရသေးကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ဆိုသည်။