ချောင်းဦးတွင် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 11, 2024

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ယနေ့မတ်လ ၁၁ ရက် နံနက်အစောပိုင်းက ကင်းလှည့်နေသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီအင်အား ၂၀ ခန့်ဖြင့် ချောင်းဦးမြို့တောင်ဘက်သို့ နံနက် ၄ နာရီခန့်မှစတင်၍ ကင်းပတ်နေသည့်စစ်ကောင်စီတပ်သားများကို နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က BLDF ချောင်းဦးအခြေစိုက် အညာမိုင်းတပ်ခွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် သွားရာလမ်းတလျောက်တွင် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အရပ်သားပြည်သူပိုင်နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

“ပြည်သူအထိအခိုက်မရှိပါဘူး။ ချောင်းဦးမြို့ပြင်ကို ကင်းပတ်တဲ့အဖွဲ့ပါ။ ချောင်းဦးမြို့ထဲကို ပြန်ဝင်သွားတာပါ” ဟု BLDF တာဝန်ရှိသူက ပြောသည်။

မတ်လ ၉ ရက် နံနက်ပိုင်းကလည်း ချောင်းဦးမြို့ရှိ စိုက်ပျိုးရေးရုံးနှင့် ခရေဖြူဂိတ်စခန်းတို့ကို စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း-MSPDF/MSDF နှင့်အတူ ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီး ၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ ငါးဦးဒဏ်ရာရရှိခဲ့သည်။