ချောင်းနှစ်ခွကျေးရွာအတွင်း နေအိမ်များကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက်မီးရှို့နေ

Author သီရိ
Categories
Published on Jan 30, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ၊ချောင်းနှစ်ခွကျေးရွာအတွင်းရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ရက်နေ့က ကျေးရွာအတွင်း ပြန်လည်တပ်စွဲနေ ထိုင်နေသော စစ်ကောင်စီတပ်မှ နေ့စဉ်ရက်ဆက် မီးရှို့နေခြင်းကြောင့် ဇန်ဝါရီလ ၂၇ရက်နေ့ထိ မီးဆက်တိုက်လောင်ကျွမ်းနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်း ပြန်လည်တပ်စွဲနေထိုင်ပြီးနောက် နေ့စဉ် နေအိမ်၂လုံးထပ်မနည်း မီးရှို့နေပြီး ကျေးရွာ အတွင်းကနေအိမ်များသာမက ရွာပြင်ရှိ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ချောင်းနှစ်ခွကျေးရွာသား တစ်ဦးက ပြောသည်။

“သူတို့ရွာထဲ ပြန်ဝင်ပြီးတော့ စခန်းနားကအိမ်တွေ သူတို့ပစ်ကွင်းမရှင်းတဲ့အိမ်တွေ စခန်းနား လာရင် ရှင်းရှင်းလင်းလင်းမြင်ရအောင်ဆိုပြီး စခန်းပတ်လည်အိမ်တွေကော ရှို့တာက တစ်နေ့တစ်လုံးမကဘူး ၂လုံးဖြစ်ချင်ဖြစ်တယ်၊ ၃လုံးဖြစ်ချင်ဖြစ်တယ် သူတို့မြင်ကွင်းမရှင်းလို့နဲ့ ရွာထိပ်ထိပါထွက်ရှို့တယ် ဘာမှမဆိုင်ဘူး ရွာထဲနဲ့ရွာထိပ်နဲ့ မီးလောင်တာက တစ်နေ့က ထိလောင်နေတာ မနေ့ကတစ်ရက်ပဲ မီးခိုးမတွေ့တာ”ဟု ချောင်းနှစ်ခွ ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် နေအိမ်များအား မီးရှို့နေရုံသာမက နေအိမ်အများစုကိုလည်း ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများဖြစ်သည့် ဆိုင်ကယ်၊TVနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ၊ ပရိဘောဂပစ္စည်းများကို ဖောက်ထွင်း ယူဆောင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

နေအိမ်၆၀၀ ဝန်းကျင်ရှိသည့် ချောင်းနှစ်ခွကျေးရွာသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ရက်နေ့မှ ဒီဇင်ဘာလ၂၉ရက်နေ့ထိ နှစ်လနီးပါးကြာ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းရှိ နေအိမ်အလုံး၅၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

 

ထို့အပြင် ဒေသခံ ၄၀၀၀ ဝန်းကျင်မှာလည်း နှစ်လကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးပဲ မုဒုံမြို့ ၊ဘုရားသုံးဆူမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် စစ်ဘေး ဆက်လက်တိမ်းရှောင်နေရလျက်ရှိနေသည်။