ချီလီနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းပြီး လူပေါင်းတစ်ရာကျော်သေဆုံးကာ သုံးရာကျော် ပျောက်ဆုံးနေ

Author အဂ္ဂ
Categories
Published on Feb 05, 2024

ချီလီနိုင်ငံအနှံ့အပြားတွင် တောမီးလောင်ကျွမ်းမှုကြောင့် သုံးရက်အတွင်း လူပေါင်း တစ်ရာကျော် သေဆုံးကာ သုံးရာကျော်မှာ ပျောက်ဆုံးနေကြောင်း ချီလီအာဏာပိုင်များက သတင်းဌာနများကို ထုတ်ပြန်ပြောဆိုသည်။

 

လက်ရှိအချိန်တွင် ချီလီနိုင်ငံအလယ်ပိုင်းနှင့် တောင်ဘက်ပိုင်းရှိ နေရာ (၉၂) နေရာတွင် တောမီးလောင်ကျွမ်းနေပြီး ဧရိယာပေါင်း ဟက်တာ (၄၃,၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ချီလီနိုင်ငံ ပြည်ထဲ‌ရေးဝန်ကြီး ကာရိုလိုင်းနားတိုဟာ (Carolina Toha) ကပြောကြားထားပြီး တောမီးလောင်ကျွမ်းမှုသည် သောကြာနေ့ (ဖေဖော်ဝါရီ ၃ ရက်)နေ့မှ စတင်ကာ နိုင်ငံအနှံ့အပြားတွင် စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ချီလီ အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဌာန (SENAPRED) က လက်ရှိအချိန်ထိ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း (၁၁၂) ဦး သေဆုံးခဲ့ရပြီဖြစ်သည်ဟု ယမန်နေ့က (ဖေဖော်ဝါရီ ၄ ရက်) ကပြောကြားထားသည်။

 

ချီလီအာဏာပိုင်များကလည်း ရုပ်အလောင်း (၃၂) လောင်းကို အချက်အလက်များ အတည်ပြုပြီးဖြစ်ကာ ရုပ်အလောင်း (၃၈) လောင်းမှာမူ ရင်ခွဲစစ်ဆေးနေဆဲ ဖြစ်ကြောင်းနှင့် ရုပ်အလောင်း (၁၀) လောင်းမှာမူ မိဘဆွေမျိုးများထံ ပြန်လည်ပို့ဆောင်ရန် အသင့်ဖြစ်နေပြီဟု ယမန်နေ့ကပင် ဆိုထားသည်။

လက်ရှိတွင် တောမီးသည် ကမ္ဘာ့လှည့်ခရီးသွားများအကြား ရေပန်းစားသည့် ကမ်းရိုးတန်းမြို့နှစ်မြို့ဖြစ်သော ဗီနာဒယ်မာမြို့ (Vina del Ma) နှင့် ဗယ်ပါရီဆိုမြို့ (Valparaiso) မြို့အစွန်ထိ ရောက်လာကာ ထိုမြို့များကိုပင် ခြိမ်းခြောက်နေပြီဖြစ်သည်။ အဆိုပါ မြို့များသည် နိုင်ငံ၏ မြို့တော် ဆန်တီရေဂိုမြို့ (Santiago) ၏ အနောက်ဘက် မိုင် (၇၀) ဝန်းကျင်အကွာတွင်ရှိပြီး နေထိုင်သူ တစ်သန်းကျော်ရှိသည့် မြို့များလည်းဖြစ်သည်။

 

တောမီးလောင်ကျွမ်းမှု အချို့သည် လူနေထူထပ်သည့် ဧရိယာများနှင့် ပိုမိုနီးကပ်လာပြီး လူများ၊ အိမ်များနှင့် အဆောက်အအုံများ ထိခိုက်နိုင်ချေ အလွန်မြင့်မားနေသည့်အတွက် အာဏာပိုင်များအနေဖြင့် စိုးရိမ်ပူပန်နေရသည်ဟု ကာရိုလိုင်းနားတိုဟာက ပြောသည်။

 

“ဒီနှစ်တောမီးလောင်ကျွမ်းမှုက အရင်နှစ်ကလောက် မများပေမယ့် အခုတစ်ကြိမ်ရဲ့ ထိခိုက်ပျက်စီးမှုကတော့ အလျင်အမြန်ကိုပဲ ဆတိုးနဲ့ ထိုးတက်လာတဲ့ အခြေအနေဖြစ်နေပါတယ်”ဟု သူမက ဆက်ပြောသည်။

 

ချီလီနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုသည် ထူးဆန်းသည့် အဖြစ်အပျက် မဟုတ်သည့်အပြင် ယမန်နှစ်က စံချိန်တင် အပူလှိုင်းဖြတ်သည့်အတွက် တောမီးလောင်ကျွမ်းခဲ့သဖြင့် လူ (၂၇) ဦးသေဆုံးခဲ့ကာ ဧရိယာ ဟက်တာပေါင်း (၄၀၀,၀၀၀) ကျော် မီးလောင်ပျက်စီးခဲ့ရသေးသည်။

 

လက်ရှိ လောင်ကျွမ်းနေသောမီးသည် ယခင်နှစ်ကလောက် ထိခိုက်ပျက်စီးမှု မများသေးသော်လည်း လူနေထူထပ်သည့် ဗီနာဒယ်မာနှင့် ဗယ်ပါရီဆိုမြို့များကဲ့သို့ မြို့ကြီးများအနီးထိ ကူးစက် လောင်ကျွမ်းလာလျက်ရှိပြီး လူသေဆုံးမှုမှာမူ ယမန်နှစ်ကထက် လေးဆကျော်နေပြီဖြစ်သည်။

 

SENAPRED ၏ ဒါရိုက်တာဖြစ်သူ အယ်ဗာရို ဟိုမာဇာဗဲ (Álvaro Hormazábal) က ယမန်နေ့အထိ နိုင်ငံအနှံ့အပြားတွင် (၁၆၁) နေရာအထိ ရှိနေပြီး အဆိုပါ လောင်ကျွမ်းမှုများထဲမှ (၁၀၂) ခုကိုသာ မီးထိန်းနိုင်သေးသည်ဟု ဆိုထားသည်။

 

လောင်ကျွမ်းမှု (၄၀) ကျော်မှာ မီးထိန်းနိုင်ရန် ကြိုးစားနေရပြီး (၁၉) ခုမှာမူ စောင့်ကြည့်အကဲခတ်နေရသည်ဟု CNN သတင်းဌာနကို ပြောကြားထားပြီး ပြည်ထဲရေးဝန်ကြီးကမူ ယနေ့တွင် (၉၂) နေရာတွင် မီးလောင်ကျွမ်းလျက်ရှိသည်ဟု ဆိုထားသည့်အတွက် တောမီးလောင်ကျွမ်းမှု ပိုမိုမြင့်တက်လာသည်ကို တွေ့နိုင်သည်။

 

ချီလီနိုင်ငံ၏ သမ္မတဖြစ်သူ ဂေဘရီရယ်ဘိုရစ် (Gabriel Boric) ကလည်း သေဆုံးမှု အရေအတွက်မှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့များကလည်း ထိခိုက်ပျက်စီးမှု အများဆုံးနေရာများသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ထို့ပြင် ချီလီနိုင်ငံသည် အလွန်တရာကြီးမားသည့် ကြေကွဲဝမ်းနည်းဖွယ်ရာနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

 

လက်ရှိတွင် လူပေါင်းရာနှင့်ချီသည် ပျောက်ဆုံးနေဆဲဖြစ်ပြီး တောမီးကြောင့် ပျက်စီးနေသည့် နေအိမ်များနှင့် တောင်စောင်းများတွင် ရုပ်အလောင်းများ ထပ်မံတွေ့ရှိနေရသဖြင့် လူသေဆုံးမှုဦးရေ ဆက်လက် မြင့်တက်လာမည်ကို စိုးရိမ်ပူပန်နေရသည်ဟု ချီလီအာဏာပိုင်များက ဆိုသည်။

 

ယခုအကြိမ် တောမီးလောင်မှုကြောင့် သုံးရက်အတွင်း လူပေါင်းရာကျော် သေဆုံးခဲ့ရကာ သုံးရာကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး နေအိမ်ပေါင်း (၁၄၀၀) ကျော်နှင့် ဧရိယာ ဟက်တာပေါင်း (၄၃,၀၀၀) ကျော်မှာ မီးလောင်၍ ထိခိုက်ပျက်စီးခဲ့ရပြီလည်း ဖြစ်သည်။

 

ချီလီနိုင်ငံတွင် နွေရာသီ အပူလှိုင်းဖြတ်သည့် အခါတိုင်း တောမီးလောင်ကျွမ်းသည့် ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး မြို့တော် ဆန်တီယေဂိုသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြုံတွေ့နေရပြီး အပူချိန် ၃၃ ဒီဂရီဆဲဆီးယပ် (၉၁ဒဿမ၄ ဒီဂရင် ဖာရင်ဟိုက်) ထက်ပိုမိုမြင့်မားသည့် အပူချိန်ကို တစ်ရက်ပြီး တစ်ရက်တိုး၍ ခံစားကြုံတွေ့နေရသည်။

 

ရာသီဥတုဖောက်ပြန်ခြင်းနှင့် အယ်နီညို ရာသီဥတုဖြစ်စဉ်များသည် ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေသည့် ဂြိုဟ်တစ်ခုဖြစ်အောင်‌ နောက်ကွယ်မှ တွန်းအားပေးနေပြီး အပူလှိုင်းဖြတ်ခြင်းနှင့် တောမီးလောင်ကျွမ်းမှု ကဲ့သို့သော ဖြစ်စဉ်များပိုမိုဖြစ်ပွားစေနိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုထားသည်။

 

ကုလသမဂ္ဂ (UN) အစီရင်ခံစာအရ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုသည် ၂၀၃၀ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်း တိုးလာနိုင်ပြီး ၂၀၅၀ ခုနှစ်တွင်မူ ၃၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်ဟု သိရသည်။

 

ဓာတ်ပုံ – AFP

 

ကိုးကား – CNN, Reuters, Sky News