ချမ်းမြသာစည်မြို့ စစ်ကောင်စီပိုင် Mytel တာဝါတိုင်တွင် ဗုံးပေါက် ထိခိုက်ဒဏ်ရသူများရှိ

Author အောင်နိုင်သူ
Categories
Published on Oct 16, 2022

ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီပိုင် Mytel တာဝါတိုင်တွင်ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု့ဖြစ်ခဲ့ပြီး ထိခိုက် ဒဏ်ရသူတွေရှိသည်ဟု မြို့ခံများထံမှ သိရသည်။
သံလျှက်တောင်ရပ်ကွက် ဒေါနခြံ ၈၆ လမ်းပေါ်ရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောသည်။
“စစ်တပ်က အမြဲလုံခြုံရေးယူထားတာ ဗုံးပေါက်တယ်ဆိုတော့ စစ်သားတွေပဲထိမှာ လူနာတင်ကားတွေ လာတာတွေ့တယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်များ လုံခြုံရေးယူထားချိန် အမည်မသိအမျိုးသားတစ်ဦးမှ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့တာ
ဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။
“စစ်တပ်ကတော့ မထိဘူးပြောတာပဲ လူနာတင်ယာဥ်နဲ့ မန္တလေးဆေးရုံကြီးကို သယ်သွားတာ တွေ့တယ် အကုန်လုံးကို စစ်တာ “ဟု ရှင်းပြသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များသည် ရပ်ကွက်နေသူများနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် ပြီးခဲ့သည့်လတွေက စစ်ကောင်စီတပ်များ ရိုက်နှိက်ဖမ်းဆီးမှု့ကြောင့် တက်ကြွလှုပ်ရှားသူလူငယ်အချို့နှင့် NLD ပါတီဝင်များ ဖမ်းဆီးခြင်းခံခဲ့ရသည်။