ချင်းအစုအဖွဲ့များကြား ညှိနှိုင်းအဖြေရှာကြရန် ချင်းလူထုလှုပ်ရှားမှု Chin Civic Moment တိုက်တွန်း

Author လဂွန်းအိမ်
Categories
Published on Jan 21, 2024

ချင်း ပြည်သူလူထု၏ ဆန္ဒနှင့် ရည်မှန်းချက်ကို ရှေ့ရှုပြီး တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းညှိနှိုင်းအဖြေရှာကြရန် ချင်းပြည်သူများစုပေါင်း၍ Chin Civic Moment အဖြစ် တိုက်တွန်းချက်တစ်စောင် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်  ထုတ်ပြန်ခဲ့သည်။

 

ချင်းတော်လှန်ရေးအဖွဲ့ အသီးသီး၏ သဘောထားကွဲလွဲမှုများသည် မျိုးနွယ်စုအတွင်း အကဲဆတ် ထိရှလွယ်နေပြီး ချင်ပြည်သူလူထုအတွက် နိုင်ငံရေး ဦးဆောင်လမ်းပြမှုကို ဝေဝါးစေကြောင်း ထုတ်ပြန်ချက်တွင်း ဖော်ပြထားသည်။

 

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဟု ကြွေးကြော်ထားကြသည့် ချင်းတော်လှန်ရေးအင်အားစုများမှ မတူညီသည့်တော် လှန်ရေးအင်အားစုများကို ချန်လှပ်ထားခြင်း၊ နိုင်ငံရေးအရ လက်ဦးမှုရယူခြင်းများထက် ချင်းအင်အားစုများအကြား ညှိနှိုင်းအသိအမှတ်ပြု တန်ဖိုးထားမှုသည် လွန်စွာအရေးကြီးကြောင်း သတိပေးထားသည်။

 

ထိုအပြင် လူမျိုးနွယ်စု အစည်းအရုံးများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးအစုအဖွဲ့အားလုံးတို့၏ မျှော်လင့်တောင့်တကြသည့် ကိုယ်ကြမ္မာကိုယ် ဖန်တီးရေး၊ ကိုယ်တိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး ရှိသည့် အနာဂတ်ချင်းပြည်သစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ချင်းတစ်မျိုးသားလုံးနှင့်သက်ဆိုင်သော မူဝါဒများအား အဆင့်တိုင်း ပါဝင်သည့် ပါဝင်ထိုက်သည့် ကိုယ်စားပြုမှုများ ချင်းပြည်သူလူထု၏ အမြင်သဘောထားများ ထည့်သွင်းစဉ်းစားကာ ဂုဏ်သိက္ခာရှိစွာဖြင့် ညှိနှိုင်းဆောင်ရွက်သည့် နိုင်ငံရေးစနစ် မျိုးစေ့ချ အကောင်အထည်ဖော်ကြရန် တိုက်တွန်းထားသည်။

 

အထူးတိုက်တွန်းချက်အနေဖြင့်လည်း အမျိုးသမီးများပါဝင်မှုကို အလေးထားတိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

 

” CCM ရဲ့ ကိုယ်စားပြုမှုအပိုင်းက ပြောရတာ အနည်းငယ် ခက်မယ်ထင်ပါတယ်၊ ပြီးတော့ ကိုယ်စားပြုမှုဆိုတာထက် ဒီလိုပူပန်မှု စိုးရိမ်မှုရှိတယ် ဆိုတာကိုပြသဖို့ လုံလောက်တယ်လို့ ကျွန်တော်တို့ CCM ဘက်က မြင်ကြပါတယ်ခင်ဗျာ” ဟု Chin Civic Moment (CCM) သတင်းစာရှင်းလင်းပွဲတွင် CJ Platform ၏မေးမြန်းချက်ကို ပြန်လည် ဖြေဆိုထားသည်။

 

CCM ၏ကိုယ်စားပြုမှုအနေဖြင့် အဖွဲ့အစည်းပေါင်း ၃၉ ဖွဲ့အပြင် အလွှာစုံမှ လူပုဂ္ဂိုလ် ၅၄၅ ဦး ပါဝင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များ ပါဝင်ခြင်းမရှိကြောင်းလည်း ဆိုထားသည်။

 

ထို့အပြင် CCM တွင် ပါဝင်စုဆောင်းခဲ့သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များမှာ အရပ်ဖက်အနေဖြင့် ချင်းတစ်မျိုးသားလုံးအား ကိုယ်စားပြုနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဆိုထားသည်။

 

ချင်ပြည်နယ်အတွင်း ယမန်နှစ် နှောင်းပိုင်းကာလများမှစ၍ တော်လှန်ရေးတပ်များအချင်းချင်း ပွတ်တိုက်မှုများ ရှိခဲ့ပြီး Chinland Council တစ်ခု ယမန်နှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ယှဉ်ပြိုင်ထွက်ပေါ်လာခဲ့ရာမှ ပိုမိုရှုပ်ထွေးလာခဲ့ခြင်း ဖြစ်သည်ဆိုသည်။

 

ယင်းသို့ Chinland Council ထွက်ပေါ်လာသည့်အပေါ် ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ကြားကာလ ချင်းအမျိုးသားကောင်စီ ICNCC မှ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကမျှ ဖျက်သိမ်းနိုင်ခြင်းမရှိသလို မည်သည့်အဖွဲ့အစည်းကိုမျှ လွှဲအပ်ခြင်းမပြုကြောင်း ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ်၏ ကိုယ်စားပြုကောင်စီနှစ်ခု ဖြစ်ပေါ်လာခဲ့သည့်အပေါ် ICNCC ထံ CJ Platform မှ အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

 

Chinland Council ဖွဲ့စည်းရာတွင် ချင်းအမျိုးသားကောင်စီ(မင်းတပ်) CNC(Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO၊ ဇိုမီးဖယ်ဒရယ်အစည်းအရုံး ZFU တို့မှ ညီလာခံကျင်းပရေးတွင် တက်ရောက်မည် မဟုတ်ကြောင်း ယမန်နှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင်ထုတ်ပြန်ထားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA မှကိုယ်စားလှယ်များ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့များ၊ မြို့နယ် ဒေသကိုယ်စားလှယ်အစုအဖွဲ့များ၊ ပြည်တွင်းပြည်ပ ဧည်သည်တော်များစုစုပေါင်း ၂၃၅ ဦးတက်ရောက်ပြီး Chinland Council ဖွဲ့စည်းကြောင်းနှင့် ရက်ပေါင်း ၆၀ အတွင်း ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည် တရားလွှတ်တော်ချုပ်တို့အား ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ထို့နောက် ယင်းနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ချင်းအမျိုးသားကောင်စီ(မင်းတပ်) CNC(Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO၊ ဇိုမီးဖယ်ဒရယ်အစည်းအရုံး ZFU တို့မှ နိုင်ငံရေး၊ စစ်ရေးအပါအဝင် ချင်းတစ်မျိုးသားလုံးအရေးအား ဘုံသဘောတူညီချက်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက်  ချင်းညီနောင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

 

ထို့သို့ဖွဲ့စည်းခဲ့သည့် ကြေညာချက်တွင် ချင်းညီနောင်တစ်ဖွဲ့ဖွဲ့အား နိုင်ငံရေးအရသော်လည်းကောင်း စစ်ရေးအရသော်လည်းကောင်း ကျူးကျော်လာပါက အတူတစ်ကွ ပူးပေါင်းတွန်းလှန်သွားမည်ဖြစ်ကြောင်း ပါရှိပြီး ထိုသို့ ချင်း‌ညီနောင်ဖွဲ့စည်းခြင်းအပေါ် CJ Platform မှမေးမြန်းခဲ့ရာ  ” ပထမ ကောင်စီတစ်ခုရှိတယ်၊ နောက်ကောင်စီတစ်ခုထပ်ပေါ်လာတယ် အဲ့ဒီ့အချိန်အထိ ကျွန်တော်တို့ ဘယ်ကောင်စီမှာမှ ပါဝင်ခြင်းမရှိခဲ့ပါဘူး” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။