ချင်းပြည် တောင်ပိုင်း ထယ်ဘွေးတပ်စခန်းကို CDF Matupi နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်

Author လဂွန်းအိမ်
Categories
Published on Dec 19, 2023

ချင်းပြည် မတူပီမြို့နယ်ရှိ ထယ်ဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ ဒီဇင်ဘာ ၁၉ ရက် ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်ထံမှ သိရသည်။

 

ထယ်ဘွေးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့မှစ၍ စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် အပြီးသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်ခြင်းကြောင့် မတူပီမြို့နယ် ဗန်ကိုင်ကျေးရွာရှီ ဒေသခံ ၄ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

 

” စခန်းသိမ်းနိုင်ခဲ့တာ ဟုတ်ပါတယ် ထိခိုက်မှုအခြေအနေတွေကတော့ သက်ဆိုင်သူတွေ ထုတ်ပြန်လာပါလိမ့်မယ်” ဟု ရှေ့တန်းသတင်းအရင်းအမြစ်မှ CJ Platform ကိုပြောသည်။

 

စစ်ကောင်စီ အင်အား ၅၀ ခန့်ရှိသည့် ထယ်ဘွေးစစ်ကောင်စီစခန်းအား CDF Matupi ၊ CDF Mindat ၊ CNO/CNF ၊ CDF လောက်တူ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ချင်းပြည်မြောက်ပိုင်း ဟားခါးမြို့နယ်ရှိ ဘုံဇုံးစစ်ကောင်စီစခန်းကိုလည်း ချင်းအမျိုးသားတပ်မတော်(CNA)၊ ဟားခါးCDF၊ CDF KKG၊CDFထန်တလန်တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ရက်တွင် သိမ်းပိုက်ရရှိခဲ့ကာလက်နက်မျိုးစုံ ၃၀ လက်နှင့်ခဲယမ်းများစွာ သိမ်းနိုင်ခဲ့ပြီး ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်ရှိ ထယ်ဘွေးတပ်စခန်းကို ဒီဇင်ဘာ ၁၉ရက် ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။