ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများကို သပိတ်ကော်မတီမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ယမန်နေ့မှာ ထုတ်ပြန်ထားသည်။
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများတွင် ရာသီကူးပြောင်းကာလအတွင်း ပြည်သူများခံစားနေရသည့် ဖျားနာခြင်းများ၊ သွေးချို ဆီးချိုရောဂါများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ တုတ်ကွေးဖြစ်ခြင်းများ နှင့် အခြားသော ဝေဒနာများ ခံစားနေရသည့် ပြည်သူများအား ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ ဆေးဝါးကုသမှုများပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အခက်အခဲများစွာရှိနေပြီး ဆေးဝါးစျေးများမြင့်တက်နေခြင်းကြောင့် သပိတ်ရံပုံငွေအထဲမှ ထုတ်ယူသုံးစွဲပြီး ဆေးဝါးကုသမှုပေးနေရခြင်းဖြစ်ကြောင်း သပိတ်ကော်မတီမှ အသိပေးထားသည်။
အဆိုပါ ဒေသအတွင်းရှိ ကျေးရွာများကို တစ်ရက် လျှင် ကျေးရွာ နှစ်ရွာနှုန်းဖြင့် သုံး ရက်တာ ကျန်းမာရေးစောင့်ရှောင့်မှုများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်းလဲ ထုတ်ပြန်ချက်မှာ ပါရှိသည်။
ဓာတ်ပုံ- အောင်ခန့်ဇော်