ချင်းကာကွယ်ရေးတပ်များထိန်းချုပ်ထားသော ရိခေါဒါရ်မြို့ကို ပြည်သူများကိုယ်တိုင်ဖော်ဆောင်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖြစ် ဆောင်ရွက်မည် ⬛ တိုက်ပွဲကာလအတွင်း အကူအညီပေးခဲ့သည့် အိန္ဒိယအစိုးရကို ကျေးဇူးတင်ဟုဆို

Author လဂွန်းအိမ်
Categories
Published on Nov 23, 2023

ချင်းကာကွယ်ရေးတပ်များထိန်းချုပ်ထားသော ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ကို ဒေသခံများကိုယ်တိုင်ဖော်ဆောင်သည့် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်သည်။

 

ချင်းအမျိုးသားတမ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်မတော်(CDF)နှင့် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သော ရိခေါဒါရ်မြို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်တည်ရှိသည့်အလျောက် ပြည်သူ့လုံခြုံရေး ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့လိုအပ်နေပြီဖြစ်သည်ဟု နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်က ဆိုသည်။

 

ထို့ကြောင့် အမှတ် (၂) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေစေရန် မြို့ပြည်သူ့အုပ်ချုပ်ရေးအတွက် ဒေသခံများ၏ဆန္ဒနှင့်အညီ ပူးတွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း CNF က ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။

 

နိုဝင်ဘာ ဒုတိယပတ်အတွင်းက မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ဘေးရှောင်သူများ၊ ဒဏ်ရာရ ရဲဘော်များနှင့် အရပ်သားပြည်သူတို့၏ လူမှုအခက်အခဲများအပါအဝင် တိုက်ပွဲများအပြီး စစ်ဘေးရှောင်များပြန်လည်ဝင်ရောက်ရေးတို့အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရ၊ အိန္ဒိယ ဗဟိုအစိုးရ၊ မီဇိုရမ်ဒေသခံများ၊ လူမှုအသင်းအဖွဲ့များကို အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထို့ပြင် ၎င်းတို့အကူအညီဖြင့် ပြန်လည်နေရာချထားရေးနှင့် နယ်မြေရှင်းလင်းရေးတို့ကိုလည်း ဆောင်ရွက်ခဲ့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း အလေးအနက်ဖော်ပြထားသည်။

 

တော်လှန်ရေးကာလအတွင်း ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီဖွဲ့စည်းနိုင်ရေးနှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ် ဖွဲ့စည်း ထူထောင်နိုင်ရေးအတွက် ချင်းပြည် ကောင်စီညီလာခံဖြစ်မြောက်ရေးဆိုင်ရာ လိုအပ်သည့်  အစီအမံများကို ချင်းပြည်ကောင်စီ ညီလာခံဖြစ်မြောက်ရေးကော်မတီ (WCCCC)မှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။