ချက်သမ္မတနိုင်ငံတွင် သမိုင်းတစ်လျောက် အဆိုးရွားဆုံး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ (၁၄)ဦးသေဆုံးကာ (၂၅)ဦး ဒဏ်ရာရရှိ

Author လင်းနွေဦး
Categories
Published on Dec 22, 2023

ချက်သမ္မတနိုင်ငံတွင် ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက် ကြာသပတေးနေ့ နေ့လယ်ပိုင်း အချိန်တွင် နိုင်ငံသမိုင်းတစ်လျောက် အဆိုးဝါးဆုံး ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုကြောင့် လူ(၁၄)ဦး သေဆုံးကာ (၂၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CNN သတင်းဌာနမှ ဖော်ပြသည်။

 

အဆိုပါ ဖြစ်စဉ်သည် ချက်နိုင်ငံ စံတော်ချိန် နေ့လယ် (၃)နာရီတွင် မြို့တော် Prague (ပရာဂူး)ရှိ ချာလ်းအနုပညာ တက္ကသိုလ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၂၄)နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုကြောင့်  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြသည်။

 

ကျောင်းတွင်းရှိနေသူ မျက်မြင်သက်သေများ၏ ပြောပြချက်အရ သေနတ်သမားသည် ကျောင်းတွင်းသို့ ဝင်လာပြီး လျှောက်လမ်းတစ်လျောက်နှင့် စာသင်ခန်းများအတွင်းသို့ ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း၊ မျက်စိရှေ့မြင်သမျှကို ပစ်ခတ်ခြင်းဖြစ်ပြီး ကျူးလွန်ချင်သည့် ပစ်မှတ်အား တိတိကျကျမထားရှိခဲ့ကြောင်း ၊ ကျောင်းသားအချို့နှင့် ဆရာများမှ အခန်းတွင်းသို့ မဝင်ရောက်နိုင်ရန် အခန်းတံခါးဝများတွင် စာသင်ခုံများ၊ထိုင်ခုံများဖြင့် ပိတ်ဆို့ခဲ့ရသည်ဟု ဖြစ်စဉ်အား နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

 

အခင်းဖြစ်ပွားချိန်တွင် သေနတ်သံကြားရသဖြင့် ထွက်ပြေးသော ကျောင်းသားများ လည်းရှိပြီး စာသင်ခန်းများတွင်း ရောက်ရှိနေသော ကျောင်းသားတစ်ချို့မှာ ထွက်ပြေးရန် မလွယ်ကူသဖြင့် ပြတင်းပေါက်များမှ အပြင်သို့ထွက်နေသော နံရံ အစွန်းများတွင် တွယ်ကပ်ကာ သေနတ်သမား ရန်မှ ပုန်းရှောင်ခဲ့ရသည်ကိုလည်း CCTV မှတ်တမ်းများအရ တွေ့ရသည်။

 

ကျောင်းရှိ ဝန်ထမ်းတစ်ဦးမှ ၎င်းကြုံတွေ့ရသည့် အဖြစ်အပျက်အား “ပထမဆုံး သေနတ်သံနှစ်ချက် ကြားလိုက်ရတယ် အစကတော့ အနီးမှာ လည်း ရိုက်ကွင်းတစ်ခုရှိလို့ အဲ့ကလာတယ်ပဲ ထင်တာပေါ့ ပြီးတော့မှ ကျောင်းသားတွေနဲ့ ဆရာတွေပြေးထွက်လာတော့ သူတို့နဲ့ ရောပြီးပြေးလိုက်ရတယ် ဒါပေမဲ့ ဘာဖြစ်မှန်းမသိသေးဘူး ပြီးမှ အထဲမှာ ပစ်ခတ်မှုဖြစ်နေမှန်းသိတာ ရဲတွေကလည်း ပြေးလို့အော်နေတာ” ဟု BBC သို့ ပြောကြားထားသည်။

 

ပစ်ခတ်မှု ဖြစ်ပွားပြီး မကြာမီပင် ရဲများရောက်ရှိလာခဲ့ပြီး ကျူးလွန်သူ သေနတ်သမားကို  ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း၊ သေနတ်သမား၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် လူပေါင်း(၁၄)ဦးသေဆုံးကာ (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်းကိုလည်း ဒေသတွင်းမီဒီယာများမှ ဖော်ပြသည်။

 

ချက်သမ္မတနိုင်ငံ၏ သမ္မတ Petr Pavel(ပီတာ ပါဗယ်)မှ “လွန်စွာ ဝမ်းနည်းဖွယ်ကောင်း၍ မလိုအပ်ဘဲ ဆုံးရှုံးသွားရသည့်အသက်များအတွက် အကူအညီမပေးနိုင်ခဲ့မှုအပေါ် ဒေါသထွက်ရကြောင်း” နိုင်ငံတော် မီဒီယာမှ ထုတ်ဖော်ပြောကြားခဲ့ပြီး ယနေ့ စနေ့နေ့အား သေဆုံးခဲ့ရသူများအတွက် နိုင်ငံလုံးဆိုင်ရာ ပူဆွေးမှုနေ့ အဖြစ် ကြေညာခဲ့ကြောင်း BBC မီဒီယာမှ ရေးသားထားသည်။

 

ချက်နိုင်ငံသမိုင်းတွင် ယခင်က အလားတူပစ်ခတ်မှုမျိုး ဖြစ်ပွားခဲ့ဖူးသော်လည်း သေဆုံးသူ အရေအတွက်မှာ ယခုဖြစ်စဉ်ထက် နည်းပါးခဲ့ပြီး ၂၀၁၉ ခုနှစ်၌ ချက်နိုင်ငံအရှေ့ပိုင်းရှိ ဆေးရုံတစ်ခုတွင် အမျိုးသားတစ်ဦးမှ လူ (၆)ဦးအား ပစ်ခတ်ကာ ကိုယ်တိုင်လည်း သေနတ်ဖြင့်ပစ်ခတ် အဆုံးစီရင်ခဲ့သည့်ဖြစ်စဉ်၊ ၂၀၁၅ ခုနှစ်၌ လည်း ယူဟာစကိုင်းမြို့၌ အမျိုးသား တစ်ဦးမှ စားသောက်ဆိုင်တစ်ခုအတွင်း လူ(၈)ဦးအား ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပစ်ခတ်အဆုံးစီရင်ခဲ့သော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။