ခိုင်ကမ်းရဲစခန်းအား တိုက်ခိုက် သိမ်းပိုက်တော့မည်ဟု CDF CDM Siyin အသိပေး
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ ခိုင်ကမ်း ရဲစခန်းအနီးမှ ပြည်သူများ တိမ်းရှောင်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံကြရန် CDF CDM Siyin မှ ဇန်နဝါရီ ၂၁ ရက်နေ့တွင် တိုက်တွန်းထားသည်။
ကလေးမြို့မှ တီးတိန်မြို့ နှင့် ဖလမ်းမြို့ သို့သွားရာ လမ်းခွဲတွင်တည်ရှိသော သိုင်းငင်းကျေးရွာ စစ်ကောင်စီ ကြားကင်းစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသည့် ခိုင်ကမ်းမြို့ ၉ မိုင် ခိုင်ကမ်းရဲစခန်းကို မကြာခင်အချိန်အတွင်း တိုက်ခိုက် သိမ်းပိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
” စစ်ကြေညာတယ်ဆိုတာထက် နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်အပ်ရေး ဆောင်ရွက်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်” ဟု CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူမှ CJ Platform သို့ ပြောသည်။
ခိုင်ကမ်းရဲစခန်းကို မကြာခင်အချိန်အတွင်း သိမ်းပိုက်ထိန်းချုပ်တော့မည်ဖြစ်ပါသဖြင့် ကိုးမိုင် ခိုင်ကမ်းရဲစခန်း အနီးရှိ ပြည်သူများအနေဖြင့်လည်း မကြာခင်အချိန်အတွင်း ဘေးလွတ်ရာသို့ ရှောင်ရှားနေထိုင်ကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ရဲဝန်ထမ်းများ CDF CDM Siyin ထံ အမြန်ဆုံး အလင်းဝင်ကြကာ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် နှိုးဆော်ထားသည်။
ခိုင်ကမ်းရဲစခန်းသည် ကလေးမြို့နှင့် တစ်ဆက်တစ်ဆက်တည်း တည်ရှိသည့်အလျောက် CDF CDM Siyin နှင့်အတူ စစ်ကိုင်းတိုင်းရှိ PDF – Kalay တပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍လည်း စစ်ရေး ဆောင်ရွက်မှုများ ရှိခဲ့သည်။
ဓာတ်ပုံ – CDF CDM Siyin
ပုံစာညွှန်း – CDF CDM Siyin တပ်ဖွဲ့ဝင်များ