ခလရ ၁၂၇ စခန်းကို မဟာမိတ်တပ်များ ဆက်လက်တိုက်ခိုက်

Author ခေတ်နီ
Categories
Published on Nov 01, 2023

ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်၏ ခလရ ၁၂၇ တပ်စခန်းကို မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ဆက်လက်ထိုးစစ်ဆင်နေကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။

 

ခလရ ၁၂၇ တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့မှ အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

 

ထိုနည်းတူ အောက်တိုဘာလ ၃၀ ရက်နေ့တွင်ပင် ကွမ်းလုံ ကာမိုင်းဒေသရှိ စစ်ကောင်စီ၏ ခလရ ၁၄၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၄၁ ဦး မဟာမိတ်များထံ လက်နက်ချ အလင်းဝင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင်

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၁၅ ဦး ထပ်မံအလင်းဝင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း MNDAAမှ ဆိုသည်။

 

ထို့အပြင့် ကွမ်းလုံမြို့ကို မဟာမိတ်တပ်များမှ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်များလည်း လူမှုကွန်ရက်ပေါ်တွ င်ပျံ့နှံလာနေပြီး ထိုအခြေအနေနှင့်ပတ်သတ်၍ MNDAAပြန်ကြားရေးတာဝန်ရှိသူမှ ယခုကဲ့သို့ ပြန်လည်ဖြေကြားထားသည်။

 

“ဒီကွမ်းလုံမြို့နယ်က မနက်ပိုင်းကနေစပြီး  တပ်ရင်း ၁၂၇ ရဲ့တပ်စခန်းကို operation ဆက်လုပ်နေပါတယ် မြေပြင်အချက်အလက်တော့ မရသေးပါဘူးဗျ၊ ကွမ်းလုံကိုတော့ operation ဖော်နေပါပြီ လုံးဝသိမ်းတာမျိုးတော့ မရှိသေးပါဘူး ၊ဒီနေ့ အခုလောလောဆယ်ထိတော့ ကိုးကန့်ခရိုင်ထဲက တစ်ခုရယ် မုံးကိုးဖက်က စစ်ဆေးရေးဂိတ်တစ်ခုရယ်ကို သိမ်းပိုက်နိုင်ပါတယ်”ဟု CJ Platform၏ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ဆက်သွယ်မေးမြန်းမှုကို တာဝန်ရှိသူတစ်ဦးမှ အတည်ပြု ဖြေကြားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇   ရက်နေ့တွင် စတင်ခဲ့သည့် စစ်ဆင်ရေး ၁၀၂၇ အတွင်း မြောက်ပိုင်းမဟာမိတ်များနှင့် အတူ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (BPLA)နှင့် NUGလက်အောက်ခံ မန္တလေးPDFတို့မှလည်း ပူးပေါင်းတိုက်ခိုက်နေပြီး
ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၉၀ နီးပါးကို သိမ်းယူနိုင်ခဲ့ပြီးဖြစ်သည်။