ခရောင်းလမ်းများ ကို ဖြတ်ကျော်ခဲ့ရပြီးနောက် (သို့) Hollywood ၏ သမိုင်းဝင်ခရီးကြမ်း

Author လင်းနွေဦး
Categories
Published on Nov 14, 2023

(၇)လ နီးပါးရပ်တန့် ခဲ့ရတဲ့ Hollywood ရုပ်ရှင်ရိုက်ကူးရေးတွေ၊ ရိုက်ပြီးသား ရုပ်ရှင်တွေ ရုံတင်ပြသဖို့ နှောင့်​နှေးနေတာတွေဟာ မကြာခင် အကုန် အဆင်ပြေချောမွေ့ ပြီး ပြန်လည် အသက်ဝင်လာပါတော့မယ်။

 

ဒီလို ပြန်လည် အသက်ဝင် လာဖို့ဟာ လွယ်ကူတဲ့ခရီးလမ်း တော့ မဟုတ်ခဲ့ပါဘူး။ တနည်းပြောရရင် သူတို့တွေ ခရောင်းလမ်းကိုလျှောက်ခဲ့ရတာပါ ။ဒီခရောင်းလမ်းကို ဘယ်သူဖန်တီးပါသလဲ။

 

ပြဿနာတွေရဲ့အစ ကတော့ ဧပြီလ ကုန်ပိုင်း မှာ ထုတ်လုပ်ရေး ကုမ္ပဏီ ကြီးတွေကနေ စာရေးဆရာတွေ အစား လူသားဉာဏ်ရည်တု Artificial Intelligence(AI) ကို အသုံးပြုပြီး ဇာတ်ညွှန်း နဲ့ ဇာတ်လမ်းတွေ ရေးဖို့ လုပ်ခဲ့တာပါ။

 

ဒါတင်မကသေးဘဲ အရံသရုပ်ဆောင်တွေရဲ့ မျက်နှာတွေကိုလည်း ဇာတ်လမ်း တစ်ပုဒ် မှာ တစ်ခါပါဝင်ပြီးရင် နောက်ဇာတ်လမ်းတွေမှာပါ AI နည်းပညာ သုံး ပြီး ကုန်ကျစရိတ်တွေ လျော့ချဖို့ ထပ်ပြီးကြံစည်ရာကနေ ဒီခရီးကြီး စတင်ပါတယ်။

 

ဒီခရီးလမ်း ဘယ်လောက်ကြာခဲ့သလဲ။

 

ဒီလို ဓနရှင် ကုမ္ပဏီကြီးတွေရဲ့ ကြံစည်မှုဟာ ရုပ်ရှင်တွေရဲ့ ကွာလတီပိုင်းကိုသာမက လုပ်သားတွေဖြစ်တဲ့ စာရေးဆရာနဲ့ သရုပ်ဆောင်တွေရဲ့ အစွမ်းအစကို မတန်တဆ ချိုးနှိမ်ရာ ရောက်ခဲ့ပါတယ်။

 

ဒါကို လက်မခံနိုင်ကြတဲ့ စာရေးဆရာတွေဟာ Writers Guild Of America(WGA) ရဲ့ အဖွဲ့အောက်ကနေပြီး Writers-Strike (စာရေးဆရာများ သပိတ်)ကို မေလ ၂ ရက်နေ့ မှာ စတင်ခဲ့ပါတယ်။

 

ဒီသပိတ်ကို အမေရိကန်ရဲ့ ကျော်ကြားတဲ့ Talk Shows(စကားပြော ပွဲ)တွေရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ Jimmy Fallon (ဂျင်မီ ဖလ်လန်)၊ Jimmy Kimmel (ဂျင်မီ ကမ်မလ်) ၊ Stephen Colbert(စတီဖင် ကိုလ်ဘတ်),Seth Meyers(စတ် မေယာ) စတဲ့ ဆယ်လီများမှ ဝန်းရံ အားပေးခဲ့ကြပါတယ်။

 

သူတို့ အနေနဲ့ စာရေးဆရာသပိတ် မပြီးမချင်း ဝင်ငွေအရရော အောင်မြင်မှုအရပါ ကြီးမားတဲ့ သူတို့ရဲ့ Talk Shows တွေကို ရပ်တန့်ထားမှာပါ လို့ ပြောခဲ့ပြီး ကတိလည်းတည်ခဲ့ကြသူတွေပါ။

 

ဒီလိုမျိုး ဆယ်လီတွေရဲ့ ဝန်းရံမှုနဲ့ လုပ်သားတွေရဲ့ မလျော့သော ဇွဲတို့ကြောင့် (၄)လတာ နီးပါး အကြာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်လုပ်သူတွေနဲ့ သဘောတူညီမှု စာချုပ် ရခဲ့ပါတယ်။

 

ကုမ္ပဏီကြီးတွေ ဘက်ကလည်း ဒီတိုင်းဆက်သွားရင် သူတို့ရဲ့အခြေအနေ ပိုဆိုးလာတော့မှာ သိတာကြောင့် ညှိနှိုင်းရေးလုပ်ဖို့ လေသံတွေပစ်ခဲ့ပြီး အစမ်းစာချုပ် ချုပ်ဖို့ လုပ်ခဲ့ပါတယ်။

 

စာချုပ်မှာ AI နဲ့ ပတ်သက်ပြီး ထိန်းချုပ်ရေး၊ လုပ်ခလစာတွေ များလာတာနဲ့ ဖြန့်ချိရေး ပလက်ဖောင်းတွေကနေရမဲ့ ခံစားခွင့်တွေ ပါလာတာတွေကြောင့် ရက်အနည်းငယ် အကြာမှာပဲ သပိတ်ကြီးဘက်က အတည်ပြုပြီး တရားဝင်ဖြစ်ခဲ့တာပါ။

 

Talk Shows ပဲ့ကိုင်ရှင်တွေထဲ က တစ်ဦးဖြစ်တဲ့ Stephen Colbert ကတော့ ပရိတ်သတ်တွေနဲ့ ပြန်တွေ့ရတဲ့ သူ့ရဲ့ ခံစားချက်ကို ဒီလိုဖွင့်ဟခဲ့ပါတယ်။

 

“ပြန်လာရတာ ကောင်းလိုက်တာဗျာ၊ ခုတော့ စာရေးဆရာ သပိတ်ကြီးလည်း ပြီးဆုံးပြီး AI ကိုထိန်းချုပ်တာ၊ လုပ်ခလစာတိုးတာ၊ ဖြန့်ချိရေးတွေကနေ ဝင်ငွေတွေရတော့မှာဖြစ်ပြီး သူတို့ရဲ့ နေရာအသီးသီးကို အန္တရာယ်ကင်းကင်း နဲ့ ပြန်ရောက်သွားတာသိရတာ တကယ်ကို ကောင်းပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

 

တစ်ဖက်မှာတော့ သရုပ်ဆောင်များ သပိတ်ကြီးက ကျန်နေပါသေးတယ်။

 

ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ ပါဝင် ဖွဲ့စည်းထားတဲ့ Alliance of Motion Picture and Television Producers(AMPTP) အဖွဲ့ကတော့ “စာရေးဆရာတွေရဲ့ သပိတ်ဟာ အရင် ပေါ်ပေါက်လာတာဖြစ်ပြီး သရုပ်ဆောင်သပိတ်ထက် အချိန်ပိုကြာနေတာကြောင့် အရင် ညှိနှိုင်းဆွေးနွေးခဲ့ရတာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

 

တကယ်တမ်းလည်း စာရေးဆရာများ သပိတ် စတင်ပြီး ၂ လကျော် အကြာ ဂျူလိုင် (၁၄)ရက်နေ့မှာ မှ Screen Actors Guild-American Federation of Television and Radio Artists (SAG-AFTRA) အဖွဲ့ ရဲ့ ဦးဆောင်မှုနဲ့ သပိတ်စတင်ပြီးနောက်မှာပဲ စာရေးဆရာတွေ သပိတ်ကို ပူးပေါင်းခဲ့တာပါ။

 

ပူးပေါင်းရတဲ့ရည်ရွယ်ကတော့ သူတို့လည်းပဲ ကုမ္ပဏီကြီးတွေရဲ့ သရုပ်ဆောင်ကြေး ချိုးနှိမ်မှုတွေနဲ့အတူ အခြားသော ဖြန့်ချီရေး ပလက်ဖောင်းတွေက ခံစားခွင့်တွေ မရှိနေကြလို့ပါ။ ဒါပေမဲ့ စာရေးဆရာတွေက အရင် အောင်မြင်မှုရသွားခဲ့ပါတယ်။ သို့ပေမဲ့လည်း အားမလျော့ပဲ ဆက်ပြီး ချီတက် မှုတွေကြောင့် ထုတ်လုပ်သူတွေ နဲ့ ကြားကာလထဲ တွေ့ဆုံခဲ့ရပေမဲ့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

 

တချို့သော အဖွဲ့ခေါင်းဆောင်များ ပြောကြားတာကတော့(AI) နှင့်ပတ်သက်တဲ့ အကြောင်းအရာများအား အလေးထား ဆွေးနွေးခဲ့ရပြီး ခက်ခဲသော ဆွေးနွေးညှိနှိုင်းမှု ခရီးရှည် တစ်ခုလို့တောင် သတ်မှတ်လို့ရပါတယ်။

 

ရှေ့မှာ အောင်မြင်ထားတဲ့ စာရေးဆရာတွေကလည်း နောက်ကနေ အားပေးမှုတွေတောက်လျောက် ပြုလုပ်နေခဲ့တဲ့ နောက်မှာတော့ ထုတ်လုပ်သူတွေ ဘက်ကနေ အလျော့ပေးရဖို့ အကြောင်းအရင်း ကြီးကြီးမားမားကလည်း ရှိနှင့်နေခဲ့ပြီးသားပါ။

 

အဲ့ဒါကတော့ ဇာတ်ညွှန်းတွေ ထွက်လာပေမဲ့ “ဘယ်သူတွေက သရုပ်ဆောင်မှာလဲ” ဆိုတဲ့ မေးခွန်း တွေ ဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍဟာ သိသာ​ပေါ် လွင် နေခဲ့ပြီးသားပါ။

 

ပရိတ်သတ်တွေကလည်း တစ်ကားလုံး AI နဲ့ လုပ်တဲ့ ရုပ်ရှင် တွေလည်း မကြည့်ချင်ကြောင်း၊ အောင်မြင်မှုတွေနဲ့ ဂန္တဝင်အဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်တွေ​ဟာ အဓိကကျကြောင်းကို လူမှုကွန်ယက်တွေပေါ် တင်ခဲ့ကြပြီးပါပြီ။

 

ဒီလိုအချိန်မှာတော့ ထုတ်လုပ်သူတွေလည်း ထပ်တောင့်မခံနိုင်တော့ဘဲ ယခုလ နိုဝင်ဘာ (၉) ရက်နေ့မှာပဲ SAG-AFTRA အဖွဲ့ခေါင်းဆောင်တွေနဲ့ သဘောတူညီမှု စာချုပ်ကို လက်မှတ် ထိုးပေးလိုက်ရပါတော့တယ်။

 

” ဒီသဘောတူညီမှုဟာ ကျွန်တော်တို့ရဲ့ မန်ဘာတွေ အကုန်လုံး ဂုဏ်ယူနိုင်မဲ့ဟာမျိုးဖြစ်ပြီး ကျွန်တော်လည်း အရမ်းကို ဝမ်းသာရပါတယ်။ ကျွန်​တော်တို့ ဆွေးနွေးခဲ့တာက ဆီလျော်မျှတပြီး လေးစားမှုနဲ့ တန်ဖိုးရှိမှုတွေ ပါဝင်တဲ့ စာချုပ်မျိုး ဖြစ်ပြီး သပိတ်မှောက်တာနဲ့တန်တဲ့ ဟာမျိုးကိုရခဲ့ပါတယ်”လို့ SAG-AFTRA အဖွဲ့ရဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာ Duncan Crabtree-Ireland (ဒူကန် ခရဘ်ထရီ အိုင်ယာလန်)မှ AP Media ကို သူ့ရဲ့ သဘောထားအား ပြောကြားခဲ့တာပါ။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ (၉) ရက်နေ့ဟာ ထုတ်လုပ်သူတွေဘက်က သက်ပြင်းချနိုင်ခဲ့ပြီး ကျန်ရုပ်ရှင် အသိုင်းအဝိုင်း တစ်ခုလုံးကတော့ အောင်ပွဲခံကြတဲ့နေ့ပဲ ဖြစ်ပါတယ်။

 

စာရေးဆရာများ သပိတ်အဖွဲ့ကြီးကတော့ ဂုဏ်ပြုတဲ့ စာတစ်စောင် ထုတ် ပြန်ခဲ့ပြီး “လုပ်သားတွေ စည်းလုံးတဲ့အခါ သူတို့ နိုင်တယ်”လို့ သရုပ်ဆောင်များသပိတ်ကို ဂုဏ်ပြုပြီး တစ်ဖက်က ကြေး‌ရေတတ် ကုမ္ပဏီ ကြီးများကိုလည်း တစ်ချက် နှပ်ခဲ့ပါသေးတယ်။

 

ဒီခရီးရှည်ကြီးကနေ ဘာတွ သင်ခန်းစာပေးပါသလဲ။

 

ငွေရှိတိုင်း ထင်တိုင်းကြဲချင်သူတွေအဖို့ ငွေထက် အင်အားကြီးမားတဲ့ “စည်းလုံး ညီညွတ်မှု” “အရည်အသွေး” “အားပေးထောက်ခံမှု”စတဲ့ အရာတွေ ရှိသေးကြောင်း လက်ခံရမဲ့ ပြယုဒ် ကြီး တစ်ခုအဖြစ် ဒီခရီးကြမ်း ပြဇာတ်ရုံကြီးမှာ စာရေးဆရာတွေနဲ့ သရုပ်ဆောင်တွေက ကပြ ပုံဖော်ပေးသွားတာပါ။

 

“မလွယ်ကူပေမဲ့ စုပေါင်းအင်အားနဲ့သာဆို အင်အားကြီးတဲ့ ပိတ်ဆို့မှုတွေကို ဖြတ်ကျော်နိုင်မယ် “ဆိုတဲ့ အတွေးတစ်ခု ရအောင်လည်း ဒီခရီးကြီးက ပေးခဲ့ပါတယ်။

 

မည်သို့ပင် ဆိုပါစေ ခရောင်းလမ်းအား ကျော်ဖြတ် နိုင်ခဲ့ကြတဲ့ စာရေးဆရာတွေနဲ့ သရုပ်ဆောင်များ ကို ဂုဏ်ပြုစကား ပြောကြား ရမှာပဲ ဖြစ်ပါတယ် ။

 

တခြားတစ်ဖက်မှာလည်း ရုပ်ရှင်ချစ်သူများအဖို့ Hollywood ဇာတ်ကားကောင်းများ မကြာခင် ထွက်ရှိ လာတော့မယ် လို့ သတင်းကောင်းပါးရင်း Hollywood ခရီးကြမ်း ဤတွင် ပြီးဆုံး၏..။