ခရီးသည်လေယာဉ်ကို ဘယ်အဖွဲ့က ပစ်တာလဲ

Author CJသတင်းအဖွဲ့
Categories
Published on Oct 01, 2022

စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းက လွိုင်ကော် လေဆိပ်သို့ ဆင်းသက်မည့် MNA ခရီးသည်တင်လေယာဥ် လက်နက်ငယ်ကျည်တစ်ချက် ထိမှန်သည့် ဖြစ်စဥ် ဖြစ်ခဲ့သည်။

စစ်ကောင်စီဘက်က ခရီးသည်တင်လေယာဥ်ကို တော်လှန်ရေးတပ်ဖွဲ့များဘက်က ပစ်ခတ်သည်ဟု အခိုင်အမာပင် စွတ်စွဲထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ စွတ်စွဲချက်နှင့် ပတ်သတ်ပြီး တော်လှန်ရေး ရဲဘော်များက အခြေအမြစ် မရှိသည့် စွတ်စွဲချက်အဖြစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။

“”ကောင်းကင်က ပျံလာတဲ့ လေယာဥ်ကို စနိုက်ပါနဲ့ ပစ်လို့ ထိတယ်ဆိုတာကြီးက တော်ရုံ ကိစ္စတော့မဟုတ်ဘူးဗျ။ ဒါမျိုးက စွမ်းအားရှင် ဇာတ်ကားတွေမှာပဲ ကြည့်ဖူးတာမျိုး” ဟု ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဆင်နွှဲခဲ့ဖူးသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်သည်။

အဆိုပါ ခရီးသည်တင် လေယာဥ် ပစ်ခတ်ခံရမှုနှင့် ပတ်သတ်ပြီး စစ်လက်နက်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် ဒေါက်တာ မင်းဇော်ဦးက Nato 7.62 mm အမျိုးအစား ကျည်ဖြင့် ပစ်ခတ်ပါက ကိုက်တစ်ထောင်အကွာအဝေးကို ထိမှန်နိုင်သည်ဟု BBC ထံ ဖြေကြားထားသည်။

“ပေ ၃၅၀၀ ဆိုရင် ကိုက် ၁၀၀၀ လောက်ပဲရှိတာကိုး။ ကိုက် ၁၀၀၀ လောက်ဆိုရင်က နေတိုး ၇.၆၂ ကျည်၊ ၀.၅ လိုဟာမျိုးနဲ့ပစ်ခတ်တယ်ဆိုရင်ရောက်နိုင်ပါတယ်။ လေယာဉ်ကိုယ်ထည်အပေါက်ရာ ဓာတ်ပုံကို ကြည့်ရရင်တော့ အပြင်ကဝင်တဲ့သ‌ဘောပဲ။ ကျည်ဆံရဲ့သဘောက ကျည်ဆံဝင်တဲ့နေရာမှာသံထည်က ကွေးတာကိုး၊ အပြင်ကနေပစ်တယ်ဆိုရင် ကျည်ဆံသွားတဲ့လမ်းကြောင်းအတိုင်း အတွင်းဘက်ကို ကွေးထွက်တယ်” ဟု စစ်လက်နက်ရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာ အင်စတီကျူ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက BBC ကို ရှင်းပြထားသည်။

Nato 7.62 mm ကျည်ကို စစ်ကောင်စီတပ် ထုတ် MA Sniper များ၌ ထည့်သွင်းအသုံးပြုသည်ဟု သိရပြီး ယင်းသို့ ကောင်းကင်မှ အရှိန်ဖြင့်လာသည့် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်စေရန် အတွက် လုံလောက်သည့် စွမ်းရည်ရှိ စနိုက်ပါ ရိုင်ဖယ်များထဲတွင် MA စီးရီး Sniper Rifle များ လည်း ပါဝင်နေသည်။

မြန်မာစစ်တပ်သည် စစ်အေးတိုက်ပွဲကာလအတွင်း ၄င်းတို့ ထုတ်လုပ်ကိုင်ဆောင်ခဲ့သည့် G3 စီးရီး သေနတ်များနေရာ၌ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း ကာလများတွင် MA စီးရီး လက်နက်ငယ်များကို ပြောင်းလဲ တပ်ဆင် အသုံးပြုလာခဲ့ကြောင်း စစ်လက်နက်မှတ်တမ်းများအရ သိရသည်။

အဆိုပါ လက်နက်ငယ်များသည် နေတိုး စံနှုန်းဖြင့် တီထွင်ထုတ်လုပ်ထားသည့် လက်နက်များဖြစ်ပြီး မြန်မာစစ်တပ်သည် ပြီးခဲ့သည့် လောက်ကိုင် စစ်ပွဲကာလ၌လည်း MA Sniper များကို အသုံးပြုခဲ့သည်ဟု သိရသည်။

အရှိန်ဖြင့် ပျံသန်းလာသည့် လေယာဥ်ကို ထိမှန်စေရန်အတွက် အံ့အားသင့်ဖွယ်ရာ လေတိုက်နှုန်း တွက်ဆနိုင်မှု၊ သေနတ်ပစ်စွမ်းရည်၊ စွမ်းရည်မြင့် လက်နက်ကို လိုအပ်မည်ဖြစ်သည့် အပြင် အထူးတလည် လေ့ကျင့်ထားသည့် လက်ဖြောင့်တပ်သားများအတွက်ပင် ဖြစ်နိုင်ချေ ခက်ခဲပေမည်။

သို့သော် လိုအပ်သည့် အခြေအနေများက မြန်မာစစ်တပ်ထံတွင်တော့ ရှိနေနိုင်သည်ဟု တော်လှန်ရေး ရဲဘော်များက အခိုင်အမာယူဆထားသည်။

“အခု လွိုင်ကော်လေယာဥ်ရဲ့ကျည်ပေါက်ရာက နာတို(NATO) ကျည်ရာလို့ပြောနေတယ်။ နာတိုကျည်ကို အဓိက စက်လက်မှာသုံးတာများတယ်။ ပြီတော့ စစ်ကောင်စီကထုန်ထားတဲ့MA-S စနိုက်ပါမှာသုံးတယ်။ MA-Sက ထိချက်လဲမှန်တယ် ကမ္ဘာ့အဆင့်ရှိတဲ့လက်နက် နာတိုကျည်သာမှန်တယ်ဆိုရင် အခုဖြစ်စဥ်က စကစလုပ်တာပဲ” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ဆက်လက်ပြီး ၄င်းက လက်ရှိ ကရင်နီ ဒေသ တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ဖြောင့်တပ်သားများထံတွင် စရိတ်စက သက်သာသည့် လက်လုပ် စနိုက်ပါများသာ ရှိနေနိုင်သည့်အတွက် အမြင့်ပေ ထောင်ချီမှ ပျံသန်းနေသည့် လေယာဥ် တစ်စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ရန် ရာခိုင်နှုန်း မရှိသလောက် နည်းပါးသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ စွတ်စွဲချက်များနှင့် ပတ်သတ်၍လည်း ကရင်နီဒေသတွင် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ယခု လေယာဥ်ကို ထိသွားသည့် ကျည်ဆံ၌ မမြင်နိုင်သည့် စွမ်းအားများပင် ရှိနေနိုင်သည်ဟု ဟာသနှော ပြောဆိုခဲ့သည်။

“ဒီနေ့ လွိုင်ကော်မှာပစ်တဲ့သေနတ်က သေနတ်မှာ computer system ပါ ပါတယ်ဗျ။ တပ်ကြပ်ကြီးဘယ်သူ ခုံနံပါတ်ဘယ်လောက်ဆိုတာကို လက်မှတ်ဖြတ်တဲ့ နေရာကို သေချာမေးပီးမှ Computer ထဲ ထည့်လိုက်တာပါ။ အာ့တာပီးတော့ လေယာဉ်တစ်ခုလုံးကို scan ဖတ်ပီး ပစ်မှတ်ကို lock ချလိုက်တာပါ။ ကံကောင်းသွားတာက လေယာဉ်မှူးက သိသွားပီး ဘယ်ဘက်ကို နည်းနည်း စောင်းလိုက်လို့ ညာဘက်ပါးကိုဘဲ ထိတာပါ။

လက်နတ်မှာပါတဲ့ computer system အရ သိရှိရတာက ထိုင်နေတဲ့ ကောင်ရဲ့ ခရေတည့်တည့် ကို ထိအောင်ဝင်ပီး ငယ်ထိပ်ကနေ ဖောက်ထွက် သွားတဲ့ နည်းပညာပါ။ ခရေထဲဝင်တာ မသိရအောင် ချောဆီ ထွက်တဲ့ နည်းပညာလဲ ပါတယ်လို့သိရပါတယ်။” ဟု အလယ်ပိုင်းတိုင်း စစ်လက်နက်ထုတ်လုပ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုဘုဏ်းမှလည်း သူ၏ လူမှု့ကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ယခုဖြစ်စဥ်ပစ်ခတ်မှုသည် ၁၂.၇မမ/.မမ၅ကာလီဘာ စက်သေနတ်ကြီးဖြင့်အတွဲလိုက်ပစ်မှသာ လေယာဥ်ကိုထိမှန်နိုင်သည့်အခြေအနေရှိကြောင်း CDM စစ်သားတစ်ဦးကသုံးသပ်သည်။

“တစ်ချက်ချင်းပစ်နေရတဲ့ Sniperလိုမျိုး၊ Marksman rifleလိုမျိုးနဲ့ကတော့ မဖြစ်နိုင်ဘူး။ဒီနေရာမှကျ သေနတ်ရဲ့ Effective Range တစ်ခုတည်းနဲ့ ပြောလို့မရတော့ဘူး၊လေယာဉ်ရဲ့ သွားနေတဲ့ Momentumတို့၊ ထောင်ပစ်ရတာဖြစ်တဲ့အတွက် မြေဆွဲအားတို့နဲ့ပါ ထည့်စဉ်းစားရမှာပဲ၊ အကုသိုလ် ဘယ်လောက်များနေလဲပါ ထည့်စဉ်းစားပေါ့”ဟု ၎င်းကပြောကြားသည်။