ခရိုင်အစည်းအ‌ေဝးသွားရန် ထွက်လာသည့် ရေးမြို့မရဲစခန်းမှူးကား ပစ်ခတ်ခံရ ဒုရဲမှုးအပါအဝင်နှစ်ဦးသေ

Author ကိုပေါက်
Categories
Published on Nov 23, 2022

ခရိုင်အစည်းအဝေးသွားရန် ကားဖြင့်ထွက်လာသည့် ရေးမြို့မရဲစခန်းမှူးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦးကို ယနေ့ နံနက်ပိုင်းက ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့၍ သေဆုံးပြီး လက်နက်များပါသွားသည်ဟု ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှ ဒုရဲမှူးလှဌေးနှင့် ရဲတပ်ကြပ်ကြီးဘဟိန်းတို့ နှစ်ဦးကို ယနေ့ မနက်ရှစ်နာရီခွဲတွင် ရေးဘီလူးအဖွဲ့က တူးမြောင်းအုပ်စု ကျုံးလောင်းရွာသစ်အနီးမှာ ပစ်ခတ်ခဲ့တာဖြစ်သည်ဟု ပြည်နယ်အစိုးရနှင့် နီးစပ်သူ တစ်ဦးမှ CJ Platform ကိုပြောသည်။

“ဒီနေ့ မနက် ရှစ်နာရီခွဲလောက်မှာ ဖြစ်တာ ကျနော်တို့သတင်းအရတော့ နှစ်ဦးသေတယ် လက်နက်တွေပါသွားတယ် ကားကိုမီးရှို့သွားတယ် ရေးဘီလူးအဖွဲ့က ပစ်တယ်လို့သိရတယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှု့ကို ရေးဘီးလူးတပ်ဖွဲ့မှပြုလုပ်ခဲ့ပြီး ရေးမြို့မရဲစခန်းမှူး အပါအဝင်သုံးဦး သေဆုံးခဲ့ပြီး M16 နှင့် သေနတ်အတိုတစ်လက်သိမ်းဆည်းရမိကာ ကားကိုပါမီးရှို့ခဲ့ပြီးနောက် အဖွဲ့ဝင်များ ထိခိုက်မှု မရှိဘဲ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးဘီးလူးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ရေးမြို့ ကဗျာကြီးရွာတွင် ခေါ်ဇာရဲစခန်းမှူးလိုက်ပါလာသည့် ကားကိုရေးဘီလူးအဖွဲ့က အလစ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သည့် ဖြစ်စဥ်လည်း ရှိသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင် ခရိုင်ရဲတပ်ဖွဲ့.မြို့နယ်ရဲမှူးဦးဆောင်သည့်အဖွဲ့များက ကျုံးလောင်းရွာသစ်ကားလမ်းပိုင်းတွင် ကားများနှင့်လမ်းသွားလမ်းလာများကိုပါ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံတွေဆီက သိရသည်။

ဓာတ်ပုံ- ရေးဘီဘူး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မွန်ပြည်နယ် #ရေးမြို့မရဲစခန်း #ရေးဘီလူး