ခရမ်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ ၄၀ မမဖြင့် လေးကြိမ်ပစ်ခတ်ခံရ
ခရမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအချို့ ယနေ့ နံနက်ပိုင်းက ၄၀ မမ ဖြင့် လေးကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်ခံရသည်ဟု မြို့ခံတွေဆီက သိရသည်။
ခရမ်းမြို့နယ် မြို့နယ်ထွေအုပ်၊စုပေါင်းစစ်ဆေးရေးဂိတ်နှင့် မြို့နယ်ခန်းမတို့ကို ယနေ့ နံနက် ၁၀ နာရီခန့်က အမည်မသိအဖွဲဲ့မှ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ထွေအုပ်ရုံးက နှစ်ကြိမ်အပစ်ခံရတယ် မြို့နယ်ခန်းမကတစ်ကြိမ် ပူးပေါင်းစစ်ဆေးရေးဂိတ်က တစ်ကြိမ်အပစ်ခံရတယ် ထွေအုပ်ရုံးကတော့ ပျက်စီးဆုံးရှုံးမှုတွေရှိတယ် ရုံးတွေတိုက်ခိုက်ခံရတာ ဆိုတော့ ဘယ်သူမှအနားကိုမသွားရဲဘူး သေလား ဒဏ်ရာရလားလဲ မသိဘူး”ဟု ရှင်းပြသည်။
အဆိုပါရုံးများ ၄၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများသည် စုပေါင်းရုံးအနီးတဝိုက်ကကားနှင့် ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။
ခရမ်းမြို့နယ်ရှိ မြို့နယ်ထွေအုပ်နှင့်ရဲစခန်းတို့ကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။
မဂ်လာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာရှိ စစ်တပ်ပိုင် တပ်မတော်ပျဉ်းမပင်နို့ချက်စက်ရုံတွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု့ဖြစ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဥ်လည်း ရှိသည်။