ခမ်းပတ်မြို့ကို တော်လှန်တပ်ဖွဲ့များ အပြီးသတ်သိမ်းနိုင်ပြီဟု NUG ဆို

Author ခေတ်နီ
Categories
Published on Nov 07, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ အပြီးသတ်သိမ်းယူနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းမှာ NUG ကွပ်ကဲမှုအောက်က တော်လှန်ရေးတပ်ဖွဲ့များ၏ ယမန်နေ့က ကောလင်းမြို့အပြီး ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲဖြစ်သည်။

 

ခမ်းပတ်မြို့ကို အမှတ်(၁)စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များမှ ယနေ့နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း NUG ဆိုသည်။

ထိုမြို့သိမ်းတိုက်ပွဲအတွင်း တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂)၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ CNDF၊ TDA၊ RCDF နှင့် KNA-Burma တို့မှပါဝင်တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့်နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခဲ့ပြီးနောက် ၅ ရက်မြောက်နေ့တွင် အပြီးသတ်တိုက်ခိုက်နိုင်ခဲ့သည်။

” စစ်ကောင်စီက ခမ်းပတ်မြို့ထဲကို ဗုံးချမှာစိုးလို့ ရပ်ကွက်အမှတ် ၁,၂,၃,၄ တွေကို စစ်ရှောင်ခိုင်းထားပါတယ်။ ဒေသခံတွေကို စစ်ရှောင်‌တဲ့နေရာမှာကောင်းမွန်စွာ ထားထားပါတယ်ဗျ။ စစ်ကောင်စီတပ်ရဲ့ ခမ်းပတ်စခန်းကုန်း၊ ဝိတုတ်စခန်းကုန်း နှစ်ခု သိမ်းပြီးပါပြီ” ဟု တမူး PDF မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

ခမ်းပတ်မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုနှင့်အရပ်သားထိခိုက်မှုအခြေအနေများကို CJ Platform အနေဖြင့် မသိရသေးဘဲ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုထားသည်။