ခန္တီးရဲစခန်းအချုပ်မှ တာဝန်ကျရဲများအား ထိုးကြိတ်ပြီး သေနတ်ယူကာ အချုပ်သား ၁၄ ဦးထွက်ပြေး

Author ကိုပေါက်
Categories
Published on Oct 18, 2022

ခန္တီးမြို့နယ်ရဲတပ်ဖွဲ့၊ အချုပ်ခန်းမှ အချုပ်သား ၁၄ ဦး ယနေ့နံနက် ၃ နာရီခန့်က တာဝန်ကျ ရဲတပ်သားနှစ်ဦးကို ထိုးကြိတ်ပြီး သေနတ်လုယူကာ ထွက်ပြေးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ခန္တီးမြို့နယ်ရဲတပ်ဖွဲ့၊ အချုပ်ခန်းတွင် ယနေ့ နံနက် ၃ နာရီခန့်က တာဝန်ကျရဲတပ်သားနှစ်ဦးကို အချုပ်သားများမှ ထိုးကြိတ်ကာ သေနတ်လုယူပြီး ထွက်ပြေးသွားတာဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“ရဲတစ်ယောက်က အိပ်ပျော်နေတာ တစ်ယောက်ပဲရှိတယ် အဲ့ဒီအချိန်မှာ အချုပ်ခန်းကို သံဖြတ်လွှနဲ့ဖြတ်ပြီး အကုန်ထွက်ပြေးတာ သေနတ်တစ်လက်လည်း ပါသွားတယ်”ဟု ပြောသည်။

အချုပ်ခန်းဖောက်၍ ထွက်ပြေးသူ ၁၄ ဦးအနက် သုံးဦးကိုသာ ပြန်လည်ဖမ်းမိပြီး ၁၁ ဦးလွတ်မြောက်နေသည်ဟု အမည်မဖော်လိုသူ ရဲသတင်းတပ်ဖွဲ့အရာရှိတစ်ဦးက CJ Platform ကို ပြောသည်။

“အကုန်မိပြီဆိုပြီး အသံလွှင့်နေတာ မမိဘူး သုံးဦးပဲမိတယ် ၁၁ဦးလွတ်နေတယ် သေနတ်လည်းပါသွားတယ် အခုထိကျန်တဲ့သူတွေ မမိသေးဘူး”ဟု ရှင်းပြသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများမှာ မည်သူမည်ဝါများဖြစ်သည်ကိုမူ CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိအခြေအနေတွင် ခန္တီးမြို့ပေါ်နှင့်ရပ်ကွက် ကျေးရွာများအထိ စစ်ကောင်စီတပ်နှင့်ရဲများအပြင် ဌာနဆိုင်ရာများက လိုက်လံရှာဖွေနေသည်ဟု မြို့ခံတွေဆီက သိရသည်။