ခင်ဦး လက်ပံလှရွာကို စစ်ကောင်စီတပ် မီးရှို့မှုအတွင်း အသက် ၇၀ အရွယ် သီလရှင် တစ်ပါး မီးလောင်သေဆုံး

Author ခေတ်နီ
Categories
Published on Feb 17, 2023

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖက်ဆီးမှုအတွင်း အသက် ၇၀ အရွယ် သီလရှင်တစ်ပါး မီးလောင်သေဆုံးခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အဆိုပါ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်နှင့် မကျည်းတုံရွာမှ ပျုစောထီးများမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်သည်။

ထိုသို့ မီးရှို့မှုအတွင်း စစ်ကောင်စီတပ်မှ မီးလောင်ဗုံးများ ရေနံ့ဆီ မီးစာများအသုံးပြု မီးရှို့ခဲ့တာဖြစ်ပြီး အဆိုပါကျေးရွာရှိ ကျန်းမာရေးမကောင်းသည့် အသက် ၇၀ အရွယ် သီလရှင် တစ်ပါးကိုလည်း နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခဲ့သည်။

“ဆရာလေးက ဝတ်တာမကြာသေးဘူး နေမကောင်းလို့ သူ့အိမ်မှာပြန်ပြီး သီတင်းသုံးနေတာ စစ်ကြောင်းဝင်တော့ မပြေးနိုင်ပဲ ကျန်ခဲ့တာ ကျန်နေခဲ့တာကို ဒီကောင်တွေက ရက်ရက်စက်စက်ပဲ သတ်ဖြတ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ပံလှကျေးရွာရှိ နေအိမ် ၂၅၀ ခန့် ပျက်စီးခဲ့ရပြီး အဆိုပါ စစ်ကြောင်း၏ မီးရှို့မှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှ နေအိမ် ၅၀၀ကျော် ပျက်စီးခဲ့ပြီး ဖြစ်သည်။

လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ခင်ဦးမြို့ပေါ်မှတဆင့် ကွမ်းတိုင်းကျေးရွာနှင့် မင်းကံကြီးကျေးရွာများဘက်သို့ တကြော့ပြန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၃၀၀၀ ခန့်သည် ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိသည်။

အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၆၆ ရွာမှ နေအိမ် ၄၀၀၀ ကျော်ပျက်စီးခဲ့ကာ အရပ်သား ၂၅၀ နီးပါးထိ အသက်ဆုံးပါးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ စာရင်းများအရ သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ခင်ဦးမြို့ #လက်ပံလှကျေးရွာ #သီလရှင်