ခင်ဦးမြို့ ကံသာယာရွာကို စစ်ကောင်စီမှ စစ်ကြောင်းထိုး၊ ဒေသခံ PDF မှ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ အထိအခိုက်ရှိ

Author လင်းခိုင်
Categories
Published on Feb 09, 2023

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသာယာရွာကို စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသဖြင့်၊ Royal Tiger Guerrilla Forceအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်များရှိနိုင်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက CJ Platform သို့ပြောကြားသည်။

ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၁ နာရီခန့်တွင် ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ် ကံသာယာရွာသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း စစ်ကောင်စီတပ်များသည် မိုင်းကွင်းအား ရှောင်တိမ်းသွားသဖြင့် ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

“ဒီကောင်တွေ လာမယ်ဆိုတာ သတင်းကြိုရတော့ ကျွန်တော်တို့ မိုင်းထောင်ထားတယ်။ ဒါပေမယ့် မိုင်းထောင်ထားတဲ့လမ်းက မလာဘဲ အခြားတစ်လမ်းက လာလို့ အဲ့လမ်းမှာ မိုင်းသွားထောင်သေးတယ်။ ဒါပေမယ့် ဒီကောင်တွေရဲ့ ရှေ့ကင်းက ကျွန်တော်တို့ကို မြင်တော့ လိုက်ပစ်လို့ ပြေးခဲ့ရတယ်။ ဒါကြောင့်မို့လို့ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်တာ၊ အထိအခိုက်ရှိပေမယ့် အသေအချာမသိရဘူး” ဟု ပြောရေးဆိုခွင်ရှိသူက ပြောကြားသည်။

ကံသာယာရွာသို့ စစ်ကြောင်းထိုးလာမည်ဟု ကြိုတင် သတင်းရရှိသည့်အတွက် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် ကံသာယာရွာတောထဲရှိ တဲတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

“ရွာကိုတော့ မီးရှို့တာဘာညာ မလုပ်သွားဘူး။ တောထဲက တဲတစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးကိုတော့ မီးရှို့သွားတယ်။ သူတို့ မီးရှို့နေတဲ့အချိန်မှာ ကျွန်တော်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားသည်။
ဓာတ်ပုံ-Royal Tiger Guerrilla Force
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #ကန်သာယာရွာ