ခင်ဦးနယ် မြင်းဒေါင်း နှင့် သရက်ပင်စုရွာမှ ဒေသခံ ငါးဦးကို စစ်ကောင်စီမှ အသက်ဆုံးစေသည်အထိ မီးရှို့

Author ခေတ်နီ
Categories
Published on Nov 28, 2022

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာနှင့် သရက်ပင်စုကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ သုံးဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

မြင်းဒေါင်းကျေးရွာကို ပြီးခဲ့သည့် နိုဝင်ဘာ၂၆ရက်မှ စတင်ကာ စစ်ကောင်စီတပ်၏ ကင်းပုန်းများမှ နေရာယူပြီးနောက် ဒေသကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း စျေးတန်းနှင့် ကျန်းမာရေးဆေးခန်း အပါအဝင်နေအိမ် ငါးလုံးခန့် အား မီးရှို့ခဲ့ကာ ဒေသခံအမျိုးသား သုံးဦးကိုလဲ သတ်ဖြတ်သွားခဲ့တာပဲဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်မှ သတ်ဖြတ်မှုကြောင့် အသက်(၄၅)နှစ်အရွယ် ကိုဇော် ဆိုသူသည် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပြီး အသက်(၃၃)နှစ်အရွယ် ကိုနေစိုးနှင့် အသက် (၅၅)နှစ်အရွယ် ဦးတင်ဝင်းမြင့်တို့ သည်လည်း မီးရှို့သတ်ဖြတ်ခံခဲ့ရတာပဲ ဖြစ်သည်။

ထို့အတူ ခင်ဦး-ရေဦးလမ်းပေါ်ရှိ သရက်ပင်စု ကျေးရွာနေ အသက်(၂၅)နှစ်အရွယ် ကိုကျော်ခိုင်ဦးကိုလည်း စစ်ကောင်စီတပ်မှ သတ်ဖြတ်သွားခဲ့သည်။

“ဒီနေ့တွေ့တာက သရက်ပင်စုက အလောင်းပေါ့ မြင်းဒေါင်းမှာကြ သူတို့ကင်းပုန်းမိုင်းထိပြီး မီးရှို့ပြီး ဒေသခံတွေကို ဖမ်းထားတယ်ပေါ့ အဲ့ထဲက ၅ဦးပြန်လွတ်လာတယ်ပေါ့ သူတို့ပြောပုံအရတော့ မီးရှို့သတ်ဖြတ်တာတွေရှိတယ်ဆိုလို့ ကျနော်တို့က ရွာနားတိုးကြည့်တာ၊ အလောင်းတခုတော့ ပြန်ရတယ်ပေါ့လေ သရက်ပင်စုတို့ မြင်းဒေါင်းတို့ ရွာသစ်ကုန်းတို့က တြိဂံပုံစံရွာဆိုင်နေတာပေါ့ ရွာသစ်ကုန်းကတော့ စစ်တပ်တပ်စွဲထားတာပေါ့”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူမှ CJ Platform သို့ပြောပြသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ဖျက်ဆီးမှုများကြောင့် အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ယနေ့အထိ ခင်ဦးနယ်အတွင်း ကျေးရွာ ၆၀ ခန့်ပျက်စီးခဲ့ရပြီး အိမ်ခြေ ၃၀၀၀ နီးပါးမီးရှို့ခံခဲ့ရကာ ယခုနိုဝင်ဘာလ အတွင်းမှာပင် ကျေးရွာ ၁၁ ရွာထိ မီးရှို့ခံခဲ့ရသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ခင်ဦးမြို့ #ကျေးရွာ #မီးရှို့ခံရ