ခင်ဦးတွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ၃ရက် အတွင်း နေအိမ် ၅၀၀ နီးပါး ပျက်စီး

Author ခေတ်နီ
Categories
Published on Feb 16, 2023

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ၃ ရက်တာ ကာလအတွင်း နေအိမ်၅၀၀နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ခင်ဦးမြို့နယ်အတွင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၈ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးနေခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၃ရက်နေ့အထိ ခင်ဦးမြို့နယ်အတွင်းရှိ စောကြီးကျေးရွာ၊ သနပ်စိန်ကျေးရွာ၊ ကွမ်းတိုင်းကျေးရွာ၊ မင်းကံကြီးကျေးရွာ၊ လက်ပံလှကျေးရွာ ၊လောင်းရှည်ကျေးရွာ များကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်သည်။

ထိုသို့မီးရှို့ခံရမှုကြောင့် သနပ်စိန်ရွာမှာ ယာယီတဲ ၂ လုံး၊ စောကြီးရွာမှ ယာယီတဲများအပါအဝင် နေအိမ် ၁၁ လုံး၊ ကွမ်းတိုင်းရွာမှနေအိမ် ၁လုံး၊ မင်းကံကြီးရွာမှ နေအိမ် ၃၃ လုံး၊ လက်ပံလှနှင့်လောင်းရည်ကျေးရွာ နှစ်ရွာမှ နေအိမ် ၄၀၀ ကျော်နှင့် စပါးတင်းထောင်ချီ ပျက်စီးခဲ့ကြောင်း သိရသည်။

“အဓိကကတော့ စပါးတွေပါ အရှို့ခံရတော့ ရိက္ခာပြဿနာရှိတယ် နောက်တခုကတော့ နေစရာပေါ့ ယာယီတဲတွေပါ အရှို့ခံရတော့ နေထိုင်ရေးမှာ အတော်လိုလာတယ် အကူအညီတွေက အခုက ဖြစ်သလိုနေနေရတာ”ဟု ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်ပေးနေသူ တစ်ဦးက ပြောသည်။

လက်ရှိမှာတော့ အဆိုပါ စစ်ကြောင်းသည် ရွှေဘိုမြို့နယ်သို့ ထွက်ခွာသွားပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၆၆ ရွာမှ နေအိမ် ၄၀၀၀ ကျော် ပျက်စီးခဲ့ပြီး ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #စစ်ဘေးရှောင်