ခင်ပွန်းထောင်ချခံရ၍ မဲဆောက်သို့ တိမ်းရှောင်လာခဲ့သည့် အမျိုးသမီးတစ်ဦးရဲ့တီးတိုးသံ

Author အိုင်လာ
Categories
Published on Oct 01, 2023

မဲဆောက်ဘက်ကို အခုနှစ် စက်တင်ဘာ ၁၈ နေ့ကမှ ရောက်လာခဲ့တာပါ။ စကစရဲ့ PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှာဖွေခြင်းခံနေရတဲ့အပြင် နှစ်ဖက်မိဘတည်ရှိရာ နေရာတွေမှာလည်း စောင့်ကြည့်ခံနေရဆဲ ဖြစ်နေတာ‌ကြောင့် ဒီဘက်ကို ထွက်လာရခြင်းဖြစ်ပါတယ်။ သားလေး ၂ ယောက်နဲ့အတူ ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နှစ်ဖက်မိဘတွေ ကျန်ရှိနေပါသေးတယ်။ ရန်ကုန်မြို့ရဲ့ အမျိုးသားမိဘအိမ်နဲ့ ရခိုင်မှာရှိတဲ့ ကျွန်မရဲ့ မိဘအိမ် ၂ နေရာစလုံး စောင့်ကြည့်ခံနေရဆဲပါ။

မြန်မာနိုင်ငံမှာက အမျိုးသားအမိန့်ချမှတ်ခံလိုက်ရကတည်းက အတတ်နိုင်ဆုံး မိသားစုနဲ့ မိတ်ဆွေတစ်ချို့ရဲ့ အကူအညီတွေနဲ့ တောင့်ခံရုန်းကန်နေခဲ့တယ်။ မိမိလက်လှမ်းမိသလောက် ထောက်ပံ့မှုတွေလုပ်ခဲ့တယ်။ မတောင့်ခံနိုင်တဲ့အဆုံးမှာ မဲဆောက်ဘက်ကို ရောက်လာခဲ့တယ်။ ကလေး ၂ ယောက်နဲ့အတူ ထွက်လာရမှာ ဖြစ်တဲ့အတွက် အတော်လေးကို စဉ်းစားခဲ့ရတယ်။ နောက်ဆုံး ဘယ်နေရာ ရောက်ရောက်ရုန်းရမှာပဲ။ လွတ်လပ်စွာ ရုန်းကန်ရတာနဲ့ မလွတ်မလပ်ရုန်းကန်ရတာနဲ့တော့ ကွာတာပေါ့။ အခုမဲဆောက်ရောက်‌လာတော့ နေစရာနေရာ အခုထိရှာမရသေးဘူး။ အဓိက နေထိုင်စားသောက်ရေး ခက်ခဲနေပါတယ်။ တစ်ယောက်တည်းသမားက ဘယ်နားနေနေ ကိစ္စမရှိပေမယ့် ကလေး ၂ ယောက်အတွက်က အဆင်မပြေပါဘူး။

ဘာတွေ လိုအပ်နေလဲဆိုရင် လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဆိုတဲ့ နေရေး၊ စားရေး၊ သောက်ရေးတွေ လိုအပ်ပါတယ်။ အခြေတစ်ခုရဖို့လိုတယ်။ အခြေတစ်ခု ရပြီးမှာ ရှေ့ဆက်ခိုင်မာအောင် လုပ်လို့ရမယ်။

ရင်ဖွင့်ချင်တာကတော့ ပထမအနေနဲ့ ကျွန်မကလေးတွေကို လွတ်လပ်စွာ ပညာသင်ယူခွင့် ရ‌စေချင်တယ်။ ပေးဆပ်သူတို့ရဲ့ (ကျသွားတာပဲဖြစ်ဖြစ်၊ အကျဉ်းကျခံလိုက်ရတာပဲဖြစ်ဖြစ်) နောက်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို လျစ်လျူရှုထားသလို မဖြစ်ဖို့တော့လိုအပ်တယ်။ တာဝန်ရှိတယ်လို့ မဆိုလိုပါ။ လုပ်ကို လုပ်ရမယ်လို့လည်း မဆိုလိုပါ။ ကျွန်မရဲ့ ရည်ရွယ်ချက်က ကျွန်မလိုပဲ အမျိုးသားတွေ ထောင်ကျသွားပြီးရင် မင်းနဲ့ ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ ကြုံတွေ့ရပြီး ဒုက္ခ‌ရောက်နေကြတဲ့ နောက်ကွယ်က အမျိုးသမီး၊ မိသားစုတွေကို ကျွန်မတတ်နိုင်သလောက် ပြန်ပြီးကူညီထောက်ပံ့ချင်တယ်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဆိုတဲ့အတိုင်း လိုအပ်တဲ့နေရာတွေမှာ ကူညီချင်သေးတယ်။