ကွမ်းလုံကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲဟု MNDAA ဆို

Author ကိုထားဝယ်
Categories
Published on Dec 08, 2023

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသော ကွမ်းလုံဒေသကို ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် အကြီးစားဗုံးတစ်လုံး ကြဲချခဲ့ကြောင်း MNDAA က ယနေ့ထုတ်ပြန်သည်။

ထိုအကြီးစားဗုံး ကျရောက်ပေါက်ကွဲသောနေရာတွင် အနည်းဆုံး နေအိမ်(၈)လုံးပျက်စီးခဲ့ပြီး အိမ်အချို့ ဗုံးတိုက်ရိုက်ထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်က ဆိုသည်။

 

ထို့ပြင် ရော်ဘာပင်အမြောက်အများ ထိမှန်ပြီး အပင်ကိုယ်ထည်ပါ ကျိုးကျခဲ့သည်ဟု သိရသည်။

ကိုးကန့်တပ်သည် ရှမ်းမြောက်တခွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် ညီနောင်သုံးဖွဲ့အတွင်း စစ်ကောင်စီစခန်း ကြီး/ငယ် ၂၀၀ ကျော်အပါအဝင် မြို့ ၅ ခုကိုထိန်းချုပ်ထားနိုင်သဖြင့် ညီနောင်သုံးဖွဲ့အတွင်း အရေအတွက်အများဆုံးသိမ်းပိုက်ထိန်းချုပ်ထားနိုင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

 

ဓာတ်ပုံ- MNDAA