ကွမ်းယာသွားဝယ်သည့် ယာဥ်ထိန်းရဲတပ်ဖွဲ့မှူး ခြောက်ချက်အပစ်ခံရပြီး ထွက်ပြေးချိန် စခန်းဝင်းတံခါး ပိတ်ထားတာကြောင့် စခန်းရှေ့တွင်သေ
မကွေးမြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိန်ဝင်း ယမန်နေ့ညက ကွမ်းယာဝယ်နေစဥ် သေနတ်ဖြင့် ခြောက်ချက်ပစ်ခံရပြီး သေဆုံးသွားသည်ဟု ယာဥ်ထိန်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတွေဆီက သိရသည်။
ယာဥ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိန်ဝင်းသည် ယမန်နေ့ည ခုနှစ်နာရီခွဲက ကားကြီးဝင်းအတွင်း ကွမ်းယာသွားဝယ်စဥ်ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့တာဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။
“ကံကောင်းတာ တပ်သားကောင်လေးတွေ သွားမဝယ်ခိုင်းဘဲ သူ့ဘာသာသူသွားဝယ်လို့ အဖော်လိုက်သွားရင် လိုက်သွားတဲ့သူပါသေမှာ “ဟု ပြောသည်။
သေနတ်သံများကြားရပြီးနောက် ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးမှ စခန်းတံခါးကို ပိတ်ထားလိုက်၍ ဝင်ပြေးချိန်မရတာကြောင့် သေဆုံးသွားတာလည်း ဖြစ်သည်ဟု တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။
“ဆိုင်ကယ်နဲ့ လိုက်ပစ်တော့ ရဲမှူးက ပြေးလာသေးတယ် ယာဥ်ထိန်းရုံးတံခါးက ပိတ်လိုက်တော့ အထဲဝင်လို့မရဘူး
ပစ်တဲ့သူတွေက စိမ်ပြေနပြေ ပစ်သွားတာ ယာဥ်ထိန်းရုံးရှေ့မှာ ကွမ်းယာထုပ်လေးကိုင်ပြီး သေနေတာ တံခါးပိတ်လိုက်တဲ့ကိစွနဲ့ အခြားအဆင့်တွေကို ပြောဆိုနေတယ်”ဟု ရှင်းပြသည်။
သေနတ်ဖြင့်ပစ်ခတ်မှု့ကြောင့် သေဆုံးသူမှာ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးစိန်ဝင်းဖြစ်ပြီး ရုပ်အလောင်းကို မကွေးမြို့နယ်ဆေးရုံကို လူနာတင်ယာဥ်နှင့် စစ်ကောင်စီက ပို့ဆောင်လိုက်သည်ဟု ယာဥ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
ပစ်ခတ်မှု့ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက မကွေးမြို့ပေါ်ရှိ လမ်းဆုံတွေမှာ ဆိုင်ကယ်များကို စစ်ဆေးမှုတွေပြုလုပ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။