ကွတ်ခိုင်-နမ့်ဖတ်ကာကြားက နမ့်ခိုင်စစ်ဆေးရေးဂိတ်ကို ညီနောင်သုံးဖွဲ့တပ် ဝင်တိုက်

Author CJ Platform
Categories
Published on Oct 30, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်-နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားရှိ စစ်ကောင်စီတပ်ကို ညီနောင်သုံးဖွဲ့ပူးပေါင်းအဖွဲ့က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA နှင့် ရခိုင်တပ်တော် AA စသည့် ညီနောင်သုံးဖွဲ့သည် ယနေ့အောက်တိုဘာလ ၃၀ ရက် နံနက် ၅ နာရီခွဲခန့်မှ စတင်ပြီး နှစ်ဖက်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြပြီး တိုက်ပွဲပြင်းထန်နေကြောင်း ယင်းဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

နမ့်ဖတ်ကာ ကျေးရွာခံတစ်ဦးက ” ဒီနေ့မနက် အိပ်ယာတောင်မထသေးဘူး။ လက်နက်ကြီးအသံကြားပြီးတော့ လက်နက်ငယ်သံတွေ ပြန်ကြားရတယ်။ အခုက လက်နက်ကြီးသံပဲ ကြားတော့တယ်။ ဖြစ်ကြတဲ့နေရာကတော့ နမ့်ခိုင်မှာဖြစ်တာ စစ်တပ်နဲ့ ညီနောင်မဟာမိတ်တွေနဲ့ဖြစ်တာ” ဟု ရွှေဖီမြေသတင်းဌာနကို ပြောသည်။

အဆိုပါတိုက်ပွဲအတွင်းမှာ ထိခိုက်၊ သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ထိုမြောက်ပိုင်းအဖွဲ့များက လားရှိုး ၊ မူဆယ်၊ နမ့်ခမ်း ၊ ချင်းရွှေဟော်၊ လောက်ကိုင် လမ်းပိုင်းကို တိုက်ပွဲစတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယနေ့အထိ ပိတ်ထားဆဲဖြစ်သည်။

” တိုက်ပွဲကတော့ ထိခိုက်သေဆုံးတာ မကြားမိသေးဘူး။ လမ်းအခြေအနေကတော့ အခုချိန်ထိ ပိတ်ထားတုန်းပဲ ပင်လယ်စာတင်တဲ့ ကားကြီးတွေတောင် မနေ့က နမ့်ဖတ်ကာမှာ စျေးပေါပေါနဲ့ ရောင်းတာတွေ့တယ်။ ကားတွေလည်း ဒီမှာရပ်ထားတာတွေရှိတယ်။ သွားလို့မရသေးဘူး” ဟု နောက်ထပ် ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောသည်။

နမ့်ဖတ်ကာရွာတွင် အောက်တိုဘာလ ၂၇ ရက် နံနက် ၇ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ရပ်ကွက် (၄ )နေ မိသားစု တစ်စုက ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်း ၄ နာရီခွဲမှ စတင်၍ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ ချင်း​ရွှေဟော်နှင့် နမ့်ခမ်းမြို့နယ်များရှိ စစ်ကောင်စီစခန်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများပြုလုပ်နေရာ ယနေ့ လေးရက်မြောက်နေ့အထိ ဆက်လက်၍တိုက်ပွဲပြင်းထန်လျက်ရှိသည်။