ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားရှိ နမ့်ခိုင်တံတား စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

Author ခေတ်နီ
Categories
Published on Dec 21, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်နှင့် နမ့်ဖက်ကာအကြားရှိ နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က သိမ်းပိုက်လိုက်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

စစ်ကောင်စီတပ်မှ ဆယ်စုနှစ်တစ်ခုကြာတပ်စွဲထားသည့် နမ့်ခိုင်တံတားတပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာလ ၂၀  ရက်နေ့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

 

“တံတားကိုတော့ KIA က သိမ်းလိုက်တာ။ တံတားလည်း ကျိူးတယ်လို့တော့ကြားတယ်။ အဲဒါတော့ သေချာမသိသေးဘူး။ ကျွန်တော်တို့တောင် ဒီကစထွက်ဖို့ပြင်နေကြတာ။ တိုက်ပွဲတွေက တစတစနီးနီးလာတော့ ရွာသားတွေလည်း နည်းနည်းဆီရှောင်နေကြတယ်။ နမ့်ခမ်းကျပြီးကတည်းက လက်နက်ကြီးနဲ့ ရွာထဲကို ပစ်တာတော့မရှိတော့ဘူး။ မနေ့ကတော့ ကွတ်ခိုင်မှာ ပစ်ကြခတ်ကြတယ်” ဟု နမ့်ဖက်ကာဒေသခံတစ်ဦးက ဆိုသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးဘဲ ယမန်နေ့အထိ ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း ၁၀ ခုထက်မနည်းကို KIA က သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။