ကွက်ခိုင်မြို့နယ်တွင် ရပ်ကွက်အတွက်လုံခြုံရေးတာဝန်ယူထားသည့် ရာအိမ်မှူးနေအိမ် ဓားပြတိုက်ခံရ မီးခံသေတ္တာအလုံးလိုက်ပါ ဓားပြတွေယူသွား

Author ကိုပေါက်
Categories
Published on Nov 01, 2022

ကွတ်ခိုင်မြို့နယ် အမှတ် ၃ ရပ်ကွက်တွင် ရပ်ကွက်အတွက် လုံခြုံရေးတာဝန်ယူထားသည့် ရာအိမ်မှူးတစ် ဦး၏ နေအိမ် ဓားပြတိုက်ခံခဲ့ရသည်ဟု မြို့ခံတွေဆီက သိရသည်။

ကွတ်ခိုင်မြို့ အမှတ် ၃ရပ်ကွက် အုပ်စု ၇ တရုတ်စာသင်ကျောင်းလမ်းတွင် ယနေ့နံနက် ၇ နာရီခွဲက ရာအိမ်မှူးတစ်ဦး၏ နေအိမ် ဓားပြတိုက်ခံရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“လူလေးယောက် Mask တွေတပ်ထားတယ် သေနတ် အတို အရှည်တွေနဲ့ ဓားပြတိုက်တာ သေနတ်တွေတောင် ပစ်ဖောက်သွားသေးတယ် ရွှေတွေ ငွေတွေပါသွားတယ် “ဟု ပြောသည်။

ဓားပြတိုက်ခံရသည့်နေအိမ်မှာ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဦးအာလုံ(ခ)ရှောင်ဆုံလုံ နေအိမ်ဖြစ်ပြီး ရပ်ကွက်အတွက် လုံခြုံရေးမှူးတာဝန်ယူထားသူတစ်ဦးလည်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“ရပ်ကွက်ရဲ့ လုံခြုံရေးမှူး အိမ်ကိုဓားပြတိုက်တယ်ဆိုတော့ ကျန်တဲ့အိမ်တွေ တွေးစရာမလိုတော့ဘူး သူကလည်း ဖြစ်တယ်ဆို စစ်တပ်ကိုအကြောင်းကြားတာ ဓားပြတွေက ရိုက်နှက်ပြီး အိမ်ကပစွည်းတွေ ကုန်သလောက်ယူသွားပြီး ပြန်သွားမှ စစ်ကြောင်းက ရောက်လာတာ”ဟု ပြောသည်။

ဓားပြတိုက်ရာတွင် နေအိမ်အတွင်းရှိ ၁ ပေပတ်လည် မီးခံသေတ္တာ ၁ လုံး၊ တရုတ်ငွေ ယွမ် ၂ သိန်းကျော်၊ မြန်မာငွေ သိန်း ၁၀၀ ကျော်၊ လက်စွပ် ၁ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ ဖုန်း ၅ လုံးတို့ ယူဆောင်သွားသည်ဟု ရဲတပ်ဖွဲ့နှင့်နီးသပ်သူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့်ရဲများက အခင်းဖြစ်ရာနေရာကို စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သူကိုလိုက်လံဖမ်းဆီးရှာဖွေသော်လည်း ဖမ်းဆီးရမိခြင်းမရှိကြောင်း မြို့ခံတွေဆီက သိရသည်။