ကြိုပြင်ထားသော မိုင်းများဖြင့် ရွှေဘိုက ပျူများကို တိုက်ခိုက်၊ နှစ်ဦးသေပြီး ပျူစောထီးခေါင်းဆောင် ဒဏ်ရာရဟုဆို

Author မင်းထက်
Categories
Published on Dec 12, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူပိုင်လယ်ယာများကို ရိတ်သိမ်းရန်ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကို ကြိုတင်ပြင်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ ပြောသည်။

 

ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာမှ ပျူစောထီးများသည် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ကျောင်းမြင့်ကျေးရွာရှိ ပြည်သူ့လယ်ယာများကို ရိတ်သိမ်းရန် ထွက်လာစဉ် မိုင်း ၃ လုံး၊ ပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့် ဝိုင်းပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ထိုသို့တော်လှန်ရေးရဲဘော်များ၏ တိုက်ခိုက်မှုကြောင့် ပျူစောထီး ဖိုးငါး(နာမည်ပြောင်)အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ပျူစောထီး ခေါင်းဆောင် ပုဇွန်(နာမည်ပြောင်)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရ ပျူစောထီးခေါင်းဆောင် ပုဇွန်သည် သြဂုတ်လ ၂၈ ရက်နေ့ကလည်း မစ်ရှင်တစ်ခုတွင် ဒရုန်းဗုံးသီးထိမှန်ကာ မျက်စိပျက်ဆီးထားကြောင်း သိရသည်။

 

ယမန်နှစ်ကလည်း သီးလုံးရွာမှ ပျူစောထီးများသည် ကျောင်းမြင့်ကျေးရွာရှိ ပြည်သူများလယ်ယာရိတ်သိမ်းစဉ် လက်နက်များပစ်ဖောက်ပြီး စပါးရိတ်စက် နှစ်လုံး လုယူခံထားရရုံသာမက လယ်ယာခင်း၊ စပါးသီးနှံများကို ခိုးယူခဲ့ပြီးနောက် ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

 

ယခုနှစ်တွင် ထိုကဲ့သို့ လာရောက်ခိုးယူမည်ကို ကြိုတင်သတင်းအရရှိသည့်အတွက် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် ည ၁၁  နာရီခန့်ကတည်းက ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ ရွှေဘိုပြည်သူ့ လုံခြုံရေးတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖျံ People Defense Force နှင့် ဗိုလ်လင်းရောင်(ဒီပဲယင်း) စသည့် ပူးပေါင်းအဖွဲ့ဝင်များက မိုင်းကွင်းများ ကြိုတင်ပြင်ဆင်ပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။