ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းကို စစ်ကူလာသည့်အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Jan 28, 2023

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းကို စစ်ကူလာသည့်အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ၊ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက်တွင် ပေါင်းတည်မြို့ သိန်းကုန်းကျေးရွာမှ စစ်ကူထွက်လာသည့် စစ်ကောင်စီ၏ ၃၅ ဦးပါ စစ်ကြောင်းကို ဒေသခံ PDF များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကို ကြားဖြတ်ပြီး ထပ်မံတိုက်ခိုက်တာပါ၊ ဒီကောင်တွေ အထိနာပြီးတော့ ပြန်ဆုတ်သွားရတယ်။ လက်နက်တွေတော့ မရလိုက်ဘူး” ဟု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသည် နေရာ၌ ပင် သေဆုံးခဲ့ပြီး၊ ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်က နတ်တလင်းမြို့နယ်၊ပျဉ်းမခေါင်ကျေးရွာ၊ မန်ကျည်းပင်စက်လှေဂိတ်မှ အင်အားဖြည့်တင်းရန် တက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီအဖွဲ့ကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၄ ဦးသေဆုံးကာ၊ ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့ကို ထပ်မံစစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ထပ်မံ တိုက်ခိုက်ခံရခြင်းဖြစ်ကာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး၊ ၉ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်များသည် ပျဉ်းမခေါင်းကျေးရွာရှိ ပြည်သူများကို ပေါ်တာဆွဲပြီး သေဆုံးခဲ့သည့် စစ်သားများ၊ လူနာများကို ထမ်းစေခိုင်းကာ လူသားဒိုင်းပြုလုပ်ပြီး ထွက်ခွာခဲ့ကြောင်းလည်း Bago Region PDF က ထုတ်ပြန်ထားသည်။

အထက်ပါ စစ်ဆင်ရေးကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၁ Zigon PDF ၊ တပ်ခွဲ ၂ Phoenix PDF၊ တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ခွဲ ၄ MRF-Nattalion တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းအတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်အုပ်စုများအနီးတွင် နေထိုင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အဆက်အသွယ် ပြုလုပ်ခြင်းများ မပြုလုပ်ပဲ ရှောင်းရှားရန် Bago Region PDF က အသိပေးထားသည်။
ဓာတ်ပုံ – Bago Region PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပဲခူးတိုင်း #နတ်တလင်းမြို့