ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်းအနီး ဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲ၊ လူထိခိုက်မှုများနိုင် မြို့နယ်အများအပြားကြားရသည်အထိ ပေါက်ကွဲမှုပြင်းထန်  

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Mar 01, 2024

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း ယနေ့နံနက်အစောပိုင်းတွင် ဆီတင်သင်္ဘောမီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာတွင် လူထိခိုက်မှုများရှိနိုင်ကြောင်း မြို့ခံများထံမှ သိရသည်။

 

“အထိအခိုက်သေဆုံးကတော့ များမယ်ထင်တယ်။ လူနာတင်ကားတွေလည်း ရောက်လာတယ်။ သင်္ဘောတစ်စီးလုံးနီးပါး လောင်နေတာ မီးက” ဟု ကြည်မြင်တိုင် မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

 

ယနေ့ မတ်လ ၁ ရက် နံနက် ၂ နာရီ ၂၃ မိနစ်ခန့်မှစတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၃ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားရာ မီးလောင်မှုကြာချိန် ၁ နာရီကျော်အထိ ရှိခဲ့သည်။

 

ထိုမီးလောင်မှုကို ကြည့်မြင်တိုင်မြို့နယ်က မီးသတ်ယာဉ်များအပြင် အနီးရှိ အလုံ၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်တို့က မီးသတ်ယာဉ်များပါလာရောက်ငြိမ်းသတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

“မနက် ၂ နာရီခွဲကျော်ကျော်လောက်က အသံကအကျယ်ကြီးပဲ။ ထွက်ကြည့်လိုက်တော့ မြစ်ထဲသင်္ဘောမီးလောင်နေတာ။ ဆီသင်္ဘောပဲ ထင်တယ်။ နောက်တော့ မီးသတ်ကလည်း ထုတ်ပြန်တာတွေ့ရတယ်လေ” ဟု အထက်ပါ ကြည့်မြင်တိုင်မြို့ခံက ပြောသည်။

 

ထိုဆီသင်္ဘောမီးလောင်ပေါက်ကွဲသံကို ကြည့်မြင်တိုင်တစ်မြို့လုံးနီးပါးအပြင် အလုံ၊ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊  တာမွေ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ ဗဟန်း၊ တောင်ဥက္ကလာပ၊ အင်းစိန်မြို့နယ်တို့အပြင် အခြားသော မြို့နယ်အချို့ကလည်း ကြားသိခဲ့ရကြောင်း လူမှုကွန်ရက်ပေါ်တွင် မျှဝေထားကြသည်။

 

“ကိုယ်တော့ အိပ်ပျော်နေတာကို ငုတ်တုတ်ကြီးကိုဖြစ်သွားတာပဲ။ တိုက်တွေပါတုန်သွားတာရယ်။ မီးသတ်ရုံးနားနေပြီး မီးသတ်ကားသံမကြားရတော့ စစ်ဖြစ်ပြီပါထင်သွားတာ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မီးသတ်ဦးစီးဌာန၏ ဆီသင်္ဘောမီးလောင်မှုသတင်းထုတ်ပြန်ချက်ပို့စ်အောက်တွင် မျှဝေပြောကြားထားသည်။

 

အဘယ့်ကြောင့် မီးလောင်ရခြင်းနှင့် လူထိခိုက်သေဆုံးမှုအတိအကျကို CJ Platform သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။