ကျွန်းလှမြို့နယ်မှ စစ်ဘေးရှောင်လာသူ အမျိုးသားတစ်ဦး၏ တီးတိုးသံ

Author CJ Platform
Categories
Published on Sep 10, 2023

***စစ်ဘေးရှောင်တာ သုံးလလောက်ရှိပြီဗျ။ ကျနော်တို့က ဒီမှာနေရတာက စစ်တပ်စခန်းနဲ့လည်းနီးစပ်တယ်။ ပျူရွာနဲ့လည်း နီးစပ်တယ်။ ဘယ်လိုပြောရမလဲ။ ဒေသကာကွယ်ရေးအဖွဲ့တွေက ဒေသစိုးမိုးရေးတွေ လုပ်တဲ့အခါ ကျနော်တို့က ရွာထဲမနေတော့ဘူး။ ကျနော်တို့ရွာကို မီးရှို့တော့ ဒေသခံသုံးဦး သူတို့စစ်တပ်ဘက်က ဖမ်းသွားတာရှိတယ်။ သတ်ဖြတ်ခံရခြင်းတော့ မရှိသေးပါဘူး။ ကျနော်တို့က အခုနေနေတာက အပြင်တွေမှာ၊ တောတန်းတွေမှာပေါ့နော်။ သူတို့(စစ်တပ်)အန္တရာယ်နဲ့နည်းနည်းလှမ်းလောက်မယ့်နေရာတွေမှာ ထန်းလက်တဲလေးတွေ ထိုးနေကြတာပေါ့။ ရွာသူရွာသားတွေရော၊ စစ်ဘေးရှောင်အားလုံး ထန်းလက်တဲလေးတွေထိုးပြီးတော့နေကြရပါတယ်။ သစ်တောလေးတွေကြား၊ ခြုံပုတ်လေးတွေကြားပေါ့ဗျာ။ အကာကွယ်ရမယ့်နေရာလေးတွေမှာ နေနေကြရတာပေါ့။

***ကျနော်တို့ခံစားရတာပေါ့ဗျာ။ ကျနော်တို့ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ ပြန်ပြီးတော့လွတ်လွတ်လပ်လပ်ပဲ နေချင်ကြတာပေါ့။ အေးအေးချမ်းချမ်းလေးပဲ နေချင်ကြတယ်။ အခုချိန်မှာကြ ကျီးလန့်စာစား နေနေရတာပေါ့ဗျာ။ စားဝတ်နေရေးရောအခက်အခဲတွေရှိတယ်။ အရင်တုန်းကလို အေးအေးဆေးဆေးပြန်နေနိုင်မယ်ဆိုရင် အဲဒါတွေကနေ ကင်းဝေးမယ်ပေါ့ဗျာ။ ကျနော်တို့တွေဆိုရင် အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ မုန်တိုင်းကာလမှာဆို တဲလေးတွေရေထဲပါကြ၊ ပစ္စည်းထဲချောင်းထဲပါသွားတာမျိုးတွေ အဲဒီလိုအတိုင်းအတာလေးတွေ ရှိခဲ့ပါတယ်။