ကျွန်းစု ဂျိုးတောင်ရွာတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးထက်မနည်းသေဆုံး

Author မင်းထက်
Categories
Published on Mar 12, 2024

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာတွင် တပ်ဆွဲထားသော စစ်ကောင်စီလက်အောက်ခံတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၁ ရက်၊ နံနက် ၅ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ဂျိူးတောင်ရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာတွင် စစ်အုပ်စုဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ အဖွဲ့  ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောသည်။

 

“ထိုးစစ်စခဲ့ပြီး ထိတွေ့မှုမှာက ကျွန်တော်တို့က လက်ဦးမှုရတာပါ။ စစ်ရေးတင်းမာနေဆဲပဲ။ အရပ်သားတော့ ထိခိုက်မှုမရှိဘူး။ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရတယ်” ဟု ၎င်းက ပြောသည်။

 

ယင်းတိုက်ပွဲတွင် အဓိကပူးပေါင်းပါဝင်ခဲ့ကြသော စစ်‌ကြောင်း ၂ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များအနေဖြင့် တနင်္သာရီမြို့နယ်ပကဖအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ၊ ကျွန်းစုမြို့နယ်ပကဖအဖွဲ့၊ ပုလောမြို့နယ်ပကဖအဖွဲ့၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့နှင့် Dragon Squad ဒရုန်းအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

 

ယင်းထိတွေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

 

ဂျိုးတောင်ရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများကို မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီခွဲခန့်နှင့် နံနက် ၉ နာရီခွဲဝန်းကျင်တို့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦးအထိသေဆုံးခဲ့သည်။

 

ဂျိုးတောင်ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ အိမ်ထောင်စု ၁၀ဝ ကျော်သည် ယနေ့အထိ စစ်ရေးတင်းမာနေဆဲ အခြေနေများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။