ကျွန်းစု ဂျိုးတောင်ရွာက စစ်သားနှင့် ပျူအဖွဲ့ကို နှစ်ကြိမ်ဆက်တိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် ၆ ဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 07, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူ‌စောထီး ပူးပေါင်းအဖွဲ့ကို မတ်လ ၅ ရက် တစ်ရက်တည်း နှစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုနဂါးက CJ Platform သို့ ပြောသည်။

 

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦးအထိသေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

 

“ထိုးစစ် နှစ်ကြိမ်မှာ ပထမအကြိမ်က အရာရှိတစ်ယောက်အပါအဝင် ခြောက်ယောက်ထိခိုက်သေဆုံးတယ်။ ဒုတိယအကြိမ်သွားရောက်ပစ်ခတ်တာတော့ အထိခိုက်အကျဆုံးက အတိကျမသိရသေးဘူး။ အရှေ့က ဒေတာသတင်းကတော့ Confirm ဖြစ်ပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

 

ဂျိုးတောင်ရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများကို မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က တစ်ကြိမ်၊ နံနက် ၉ နာရီခွဲဝန်းကျင်တွင် နောက်ထပ်တစ်ကြိမ် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပထမတစ်ကြိမ်တိုက်ခိုက်မှုတွင် မိနစ် ၃၀ ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကာ တစ်ဦးပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲတွင် ၁၅ မိနစ်ကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များက ဒရုန်းနှစ်စင်းဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) အဖွဲ့ဝင်များဖြစ်ကြသော တနင်္သာရီကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂)၏ တပ်ခွဲ (၂)၊ ကျွန်းစုပကဖ၊ ပုလောပကဖနှင့် တိုင်းလုံခြုံရေးအဖွဲ့၊ Dragon Squad ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။