ကျွန်းစုတွင် PDF များ လာတိုက်မည်ကိုကြောက်၍ ဒေသခံများကို လူသားတံတိုင်းအဖြစ် စစ်ကောင်စီ အသုံးပြုနေ

Author မင်းထက်
Categories
Published on Mar 08, 2024

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်းနေထိုင်သူများကို တော်လှန်ရေးတပ်ဖွဲ့များက လုံခြုံရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးထားပြီးနောက် ဒေသခံများ ပြောင်းရွှေ့နေထိုင်မှုများ ပြုလုပ်နေကြကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

သို့သော် ထိုသို့ပြောင်းရွှေ့မှုများတွင် စစ်ကောင်စီက ဒေသခံများမရှိတော့ပါက ၎င်းတို့တပ်စွဲရာနေရာများအား ကာကွယ်တပ်များက လာရောက်တိုက်ခိုက်မည်ကိုကြောက်ရွံ့၍ ဒေသခံများကို မပြောင်းရွှေ့ရန် ခြိမ်းခြောက်ပြောဆိုပြီး လူသားတံတိုင်းအသွင် လုပ်ဆောင်ထားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ကိုနဂါးက ပြောသည်။

 

“အဓိကပြောချင်တာက ပြည်သူတွေကို တံတိုင်းလုပ်တာပေါ့။ ပြည်သူတွေရွာထဲမှာ မရှိတော့ရင် တိုက်ခိုက်ခံရမှာသိတယ်လေ” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီတပ်ဖွဲ့များသည် ကျွန်းစုမြို့နယ်အတွင်း ပျူစောထီးများကို မွေးထုတ်ပေးနေသော ကျေးရွာအချို့တွင် ယာယီအထိုင်စခန်းများလာချနေသည်။ ထို့ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြန်းထန်လာနိုင်သောကြောင့် ၎င်းတို့ယာယီစခန်းချထားသော ပတ်ဝန်းကျင်အနီးရှိ နေထိုင်ကြသော လူနေအိမ်များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် နီးနီးကပ်ကပ်မနေထိုင်ကြရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက်ပြောကြားသည်။

 

သို့သော် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီက ထွက်ခွင့်မပေးသည့်အတွက် ပိတ်မိနေသူများလည်းရှိနေကြောင်း ၎င်းက ပြောသည်။

 

“ပြည်သူတွေကိုပြောချင်တာတော့ စစ်ကောင်စီနဲ့ ဝေးဝေးနေပေးဖို့၊ တိုက်ပွဲဖြစ်နေတဲ့အခါမှာလည်း လုံခြုံတဲ့နေရာမှာ နေဖို့ပေါ့နော်။ ပိတ်ပြီး တိမ်းရှောင်လို့မရရင်လည်း လုံခြုံတဲ့နေရာမှာနေဖို့ ပြောချင်ပါတယ်ဗျ။ တိမ်းရှောင်လို့ရတဲ့ ပြည်သူတွေလည်းရှိတယ်။ မမီတဲ့သူတွေကို စစ်ကောင်စီတွေက ထွက်ခွင့်မပေးဘူး။ ခြိမ်းခြောက်ပြီးထားထားတာပေါ့” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ကိုနဂါးက ပြောသည်။

 

ကျွန်းစုမြို့နယ်အတွင်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သော မင်းဂုတ်၊ ရတောင်၊ မှောင်းလှော်၊ ဈေးကမိ၊ ညောင်ဘီး၊ ပန်းဇင်၊ ပဲ့ဒိုင်နှင့် ဂျိူးတောင်ရွာတို့တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြပြီး လုံခြုံသောနေရာများသို့ ရွှေ့‌ပြောင်းနေထိုင်ကြရန် ကျွန်းစု ပကဖဘက်က အသိပေးထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့

 

ပုံစာညွှန်း – ကျွန်းစုမြို့နယ်မှ စစ်ဘေးတိမ်းရှောင်နေကြသူများကိုတွေ့ရစဉ်(ပုံဟောင်း)