“ကျွန်တော် အမေစုလူပါဗျာ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ”
မောင်နုသည် ၅မျဉ်းစောင်းတစ်ဦးဖြစ်သည်။ အညာဒေသတစ်နေရာမှ ရန်ကုန်မြို့သို့ လာရောက် စျေးရောင်းချရင်း လေဒီမောင်နုဖြင့် အကြောင်းပါပြီးနောက် ဆံထိုးနောက် ယောင်လိုက်ကာ ရန်ကုန်မြေတွင် ခြေချခဲ့သူဖြစ်သည်။
လေဒီမောင်နုသည် တီဘီရောဂါဖြင့် ဆုံးပါးခဲ့သည်မှာ လေးနှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လေဒီမောင်နု၏ ကိုယ်ပွား အသက် ၆နှစ်အရွယ် သမီးလေး နုနုဖြင့် မောင်နုတစ်ယောက် ရန်ကုန်မြေတွင် အသက်ကို ရှည်ကြာစေရန် မွေးမြူခဲ့သူဖြစ်သည်။
အညာသားမောင်နုနှင့် လေဒီမောင်နုတို့ အဆင်ပြေစဉ်က ဝယ်ယူထားသည့် ဆိုက်ကားဘေးတွဲသည်ပင် အတော်ကို စုတ်ချာနေပြီဖြစ်သည်။ အညာသားမောင်နု ရန်ကုန်မြေတွင် လုပ်ကိုင်တတ်သည့် အလုပ်သည် ဆိုက်ကားနင်းခြင်းပင်။ ဆိုက်ကားနင်းမကောင်းသည့် ရက်များတွင် မောင်နုတစ်ယောက် သူနေထိုင်ရာ အမှိုက်ကြီး တစ်ခုအနီးတွင် မြေဆွေးများတူးသည်။ အမှိုက်ပုံတွင်းမှ ပီနံအိတ်ခွံ အတန်ကောင်းသည်များကို ရှာဖွေကာ ထည့်သွင်းပြီး မြေဆွေးအဖြစ် ရပ်ကွက်တကာ လှည့်လည် ရောင်းချသည်။
မောင်နုနှင့် ကျနော် မြေဆွေးဝယ်ရင်း ခင်မင်မိခြင်းဖြစ်သည်။ လေဒီမောင်နုသည် ကရင်သွေးပါနိုင်သည်ဟု ထင်မြင်မိသည်။ ၆နှစ်အရွယ် သမီးလေး နုနုတွင် မောင်နုနှင့် မျက်လုံး မျက်ဖန် မျက်နှာကျ တူသော်လည်း အသားဖြူဖြူ မျက်နှာပြည့်ပြည့်လေးနှင့် ပီဘိကရင်မလေးပင်ဖြစ်သည်။
နှစ်ထောင်ကျပ်တန် မြေဆွေးတစ်အိတ်အား အထပ်မြင့်သို့ သယ်ယူရန် ကျနော် မတတ်နိုင်တော့ မောင်နု သယ်ယူပေးသည်။ ဆိုက်ကားနှင့်အတူ နေပူပူတွင် သမီးလေး နုနုကို မကျန်စေချင်သည့်အတွက် တပါတည်းလိုက်ပါဖို့ ခေါ်မိသည်။
မြေဆွေးအိတ်အား ဝရံတာတွင် ချထားရင်း ငါးထောင်ကျပ်တန်တစ်ရွက်ထုတ်ပေးတော့ သမီးလေး နုနုက အကြွေပေးအဖိုးဟု ပြောသည်။ ကျောင်းမနေဖူးသည့် သမီးလေး နုနုသည် စျေးဝယ်စျေးရောင်း ပညာကိုတော့ အတန်အသိ ရှိနေပြီဖြစ်သည်။ ကျနော် အမျိုးသမီးသည် ကလေးငယ်များ ချစ်တတ်သူမို့ သမီးလေးနုနုအား စနောက်ပြီးနောက် အအေးနှင့် မုန့်များပေးသည်။ မောင်နုက တားသည်။ မောင်နုအတွက် အအေးတစ်ဗူး သမီးလေးနုနုအတွက် အအေးတစ်ဗူး ပေးပြီးနောက် မောင်နု အားနာဟန်တူသည်။
“မြေအိတ်ဘယ်မှာ ထားရမလဲဆရာ၊ ကျွန်တော် တစ်ခါထဲ အိုးခွဲပေးခဲ့မယ်လေ”ဟု မောင်နု စကားစသည်။
အိမ်လာလည်သည့် တူတော်မောင်များ ထားခဲ့သည့် ရီမုနှင့် အမြှောက်ကားလေးကို နုနုသဘောကျနေတာကြောင့် ကျနော်အမျိုးသမီးနှင့် အဖွဲ့ကျနေသည်။ ကျနော်က မောင်နုနှင့် အနောက်ဘက်လှေကားမှ အပင်ငယ်များကို လိုက်လံပြသရင်း စကားပြောဖြစ်သည်။
“ဆရာက အမေစုလား”ဟု မောင်နုမေးသည်။
သူဘာကို ဆိုလိုမှန်း ကျနော် သေချာမသိတာကြောင့် ဘာဖြစ်လို့လဲ အစ်ကိုလို့ ပြန်မေးမိသည်။
“ကျွန်တော် အမေစုပုံတွေ့လို့ဆရာ ဆရာရော အမေစုလားလို့ မေးတာပါ”ဟု ပြန်မေးသည်။
ကျနော် နေအိမ် စာအုပ်စင်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျောက်စီပန်းချီကားချပ်ငယ်ကို ချိတ်ဆွဲထားသည်ကို မောင်နု မြင်ဟန်တူသည်။ ဒါပေါ့ အစ်ကိုရာဟု ကျနော်ပြောမိသည်။
“ကျွန်တော် တစ်လကို သုံးသောင်းအမြဲလှူတယ် ဆရာ၊ အမေစုတပည့်တွေကိုလေ”ဟု မောင်နုပြောဆိုမှုကြောင့် အတော်ကို အံ့ဩသွားသည်။
သေချာမေးကြည့်တော့ မောင်နု Facebook မသုံးတတ်၊ သူကိုင်ထားသည့် တရုတ်စာများနှင့် ဖုန်းသည် အင်တာနက် သုံးရမည့်ပုံမပေါ်။ မောင်နုနှင့် စိတ်တူကိုယ်တူ မိတ်ဆွေ ခုနှစ်ဦးရှိသည်။ ကျူးကျော် အိမ်နီးချင်းများလည်း ဖြစ်ကြသည်။ Facebook သုံးတတ်သူတစ်ဦးက ဦးဆောင်ပြီး လှူသည်ဟုဆိုသည်။ မသိမသာ ဆက်မေးကြည့်တော့ အလှူသည် အလိမ်ခံရခြင်းများ ရှိနေခြင်းကြောင့် မောင်နုကို မသိမသာလေး အားမပျက်သွားအောင် ပြောရသည်။ နောင်ကျ ဆရာ့ကို လာပေးမယ် လှူပေးဟုဆိုသည်။ တစ်ရက်တည်း ခဏတည်းနှင့် အတော်ကို ခင်မင်သွားခဲ့ကြသည်။
အိမ်တွင် လာကန်တော့ထားသည့် မဝတ်ဖြစ်သေးသည့် ပုဆိုး သုံးထည်ကို မောင်နုကို လက်ဆောင်ပေးလိုက်သည်။ မောင်နုအတော်ပျော်သည်။
“ဆရာ အခုမြေတွေက မကောင်းဘူး မသုံးနဲ့ တကယ်ကောင်းတာ ကျွန်တော် ညနေလာပေးမယ်၊ ဒါက မြေဆွေးအစစ်မဟုတ်ဘူး ကျွန်တော် ဝမ်းရေးအတွက်ရောင်းရတာ ခွင့်လွှတ်ပါဆရာ”ဟု ဆိုကာ မောင်နု သူ့မြေအိတ်လေးကို အကုန်ထမ်းကာ ပြန်သွားသည်။
ညနေပိုင်းတွင် နောက်ချေးရောထားသည့် မြေဆီများနှင့် အပင်ငယ်အချို့ကို ယူကာ ပြန်လာပို့သည်။ ဒီလိုဖြင့် မောင်နုနှင့် ကျနော်ခင်မင်ခဲ့သည်မှာ လေးလကျော်ပြီဖြစ်သည်။
လစဉ် ၇ရက်နေ့ ဝန်းကျင်တွင် မောင်နုနှင့် သူငယ်ချင်း သုံးဦးခန့် ကျနော်ဆီ ငွေနှစ်သိန်းကျော်မှ သုံးသိန်းခန့်အထိကို ကိုင်ကိုင်ကာ ရောက်လာတတ်သည်။ သူ့အခေါ် အမေစု တပည့်များကို လှူရန်ဖြစ်သည်။
ခင်မင်ရာ နီးစပ်ရာ အဖွဲ့များထံ ပေးလှူပြီး သူတို့ပြန်ပြန်ပို့သည့် အလှူခံရရှိကြောင်း မှတ်တမ်းများကို မောင်နုမြေဆီဆိုက်ကားလေးလာချိန် ခေါ်ခေါ်ပြရသည်။ ကျနော်ကတော့ အမြဲအအေးတိုက်ပေါ့။ အချို့အဖွဲ့များမှာ မှတ်တမ်းများ ပြန်လည်မပေးနိုင်သည်ရှိပါက စာပို့ထားသည်များကို မောင်နုတို့ကို ပြရသည်။ ပြုံးပြုံးနှင့် ဆရာ့ဖုန်းက အကောင်းစားပဲဟုသာ ဆိုသည်။
အစ်ကိုတို့ ဒီလောက် ခက်ခဲနေတာ တစ်လမှ နှစ်သိန်းသာသာဝင်ငွေနဲ့ ဘာလို့ လှူတာလဲဗျာ ကျနော်တို့ပဲ လှူမှာပေါ့လို့ တစ်ကြိမ်တစ်ခါ ဆိုမိသည်။
“အမေစု ပြန်လာမှ သမီးလေးက ပညာတတ်ကြီးဖြစ်မှာဆရာ၊ ကျွန်တော်တို့လည်း ဒီလိုမနေရမှာ”ဟု မောင်နုဆိုသည်။ မောင်နုတို့ ရပ်ကွက်အတွင်းကို အမေစုလာဖူးသည်ဟု ခဏခဏပြောသည်။ အခုကျောင်းစရိတ်တွေကို မတတ်နိုင်သလို မထားချင်တာကြောင့် နုနုလေး ကျောင်းမနေရသေး။ အမေစု ပြန်လာရင် နုနုလေး ပညာတတ်မည် သူတို့ဘဝ ချောင်လည်မည်ဟုသာ မောင်နု ရင်တွင်း ယုံကြည်နေသည်။
မောင်နု မြေဆီဆိုက်ကားလေးမှာ ကျနော်အိမ်ရှေ့ကို တစ်ပတ်သုံးကြိမ်ခန့် အမြဲဖြတ်လေ့ရှိသည်။ ဖြတ်တိုင်း လက်ကိုင်စပီကာလေးကို ပိတ်ကာ ကျနော် ဝရံတာထွက်ချိန်များတွင် လက်ပြလေ့ရှိသည်။ လမ်းဘေး အပင်လှလှလေးများ တွေ့ရင် ယူယူလာပြီး ပေးလေ့ရှိတာကြောင့် ကျနော့် အမျိုးသမီးမှာ မောင်နုလာပါက နုနုအတွက် လက်ဆောင်ပေးရန် အရုပ်လေးများပင် ရံဖန်ရံခါ ဝယ်ထားတတ်သည်။
မောင်နုနှင့် မတွေ့ဖြစ်သည်မှာ တစ်ပတ်ကျော်အချိန်ကို ရောက်လာပြီဖြစ်သည်။ မောင်နုနေရပ်ကို မသွားတတ်တာကြောင့် သတင်းလဲ မမေးဖြစ်။ အမျိုးသမီးဖြစ်သူမှ ဖုန်းဆက်ကြည့်ဖို့ ပြောဆိုမှ ကျနော်က ဖုန်းကိုင်ခဲသူမို့ တော်ရုံဖုန်းနံပါတ်များ မှတ်မထားမိ။ အရောရောအထွေးထွေးများဖြင့် မမှတ်မိ။
မှတ်မှတ်ရရ ထိုနေ့သည် နိုဝင်ဘာလ ၅ရက်နေ့ဖြစ်သည်။ မောင်နု၏ မြေဆီဆိုက်ကားလေးမှ စပီကာသံကို ထမင်းစားနေရင်း ကြားလိုက်ရသည်။ ဝရံတာ အပြေးထွက်ကာ လက်ခုပ်တီးခေါ်ယူပြီးနောက် အအေးတိုက်ကာ နေမကောင်းလို့လားလို့ မေးမိချိန်။ မောင်နု ငိုသည်။ မောင်နုနှင့်အတူ နုနုပါ လိုက်ငိုသည်။
“ဆရာ ကျွန်တော့် အမေစုလူပါ ဆရာ၊ ဆရာသိပါတယ်ဆရာ၊ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဆရာ၊ ကျွန်တော်လဲ အမေစုကို ပြန်လာစေချင်တာဆရာရယ်”ဟု ကျနော့် စာအုပ်စင်ပေါ်တွင် ချိတ်ဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားကိုကြည့်ကာ ငိုပြောသည်။
မောင်နု သီတင်းကျွတ်လပြည့်ညတွင် နုနုလေးကို ခေါ်ကာ ဘုရားတစ်ဆူသို့ သွားသည်ဟုဆိုသည်။ အခြားသော ကလေးငယ်များ လည်ပတ်နေသည်ကို နုနုလေးကို ပြသရင်း ဘုရားတွင် ဦးချ ဆုတောင်းခဲ့သည်ဟုဆိုသည်။ မောင်နုဆုတောင်း ရိုးရှင်းလှသည် အခုလိုဘဝကနေ လွတ်မြောက်ဖို့နှင့် အမေစုပြန်လာဖို့ဟု ဆိုသည်။
သို့သော် မောင်နု မထင်မှတ်သည်တစ်ခု ဖြစ်ပွားခဲ့သည်။ မောင်နုတို့ သားအဖပုံ ဘုရားဖူးရင် ပျော်နေသည့် ပုံတစ်ပုံကို မည်သူ ရိုက်လိုက်သည်မသိ Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည်ဟုဆိုသည် (ကျနော်တော့ မတွေ့မိ) ။ မောင်နုတို့ သားအဖပုံအောက်တွင် သားသမီးချင်း မစာနာဘူး ပျော်မြူးနေကြတယ်လို့ အစချီသည့် မှတ်ချက်ရေးသားမှုများလည်း အများအပြား ပါဝင်ရေးသားထားသည်ကို တွေ့ရသည်ဟု မောင်နုဆိုသည်။
“ဟိုကောင်မွှေးကြီးလာပြတာ၊ သူ့ဖုန်းထဲမှာ ကျွန်တော်ဗျာ၊ ကျွန်တော်တို့သားအဖကို ပြောကြတယ်ဗျာ၊ ကျွန်တော် အမေစုလူပါ ဆရာ၊ဆရာသိတယ်၊ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ၊ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ”ဟု ငိုကာပြောသည်။
ပုံကိုမြင်ရပြီး မှတ်ချက်များကို သိရချိန်တွင် မောင်နု လွန်စွာဝမ်းနည်းကာ ဘာမီတွန်တစ်ထောင်ဖိုး ဝယ်သောက်ခဲ့သည်ဟု ဆိုသည်။ မသေကောင်း မပျောက်ကောင်းနှင့် မောင်နု ဘယ်လောက်များ ဝမ်းနည်းနေမည်ကို မှန်းဆမရ။
ကျနော်တို့ မတိကျသည့် ပုံလေးတစ်ပုံ ဖြစ်ရပ်လေးတစ်ခုနှင့် လူတစ်ဖက်သားကို ဝေဖန် မနှိမ့်ချဖို့ လိုအပ်သည်ကို မောင်နုက သက်သေပြသည်။ မှန်သည် မောင်နုမှာ အပြစ်မရှိပါ။ သူ့ဝင်ငွေလေးနှင့် ထောက်ပံ့သည်ကူညီသည်။ နိုင်ရာတာဝန်ကို ထမ်းဆောင်သည်။ သူ့ဘဝအမောများအတွက် သူဖြေဖျောက်ရန် ဘုရားသွားသည်။ မောင်နုတွင် အပြစ်မရှိ။
နှုတ်ဖြင့် လူသတ်တတ်သူများကိုသာ မင်းတို့ Facebookမှာ Like တစ်ချက်ရချင်ဇောနှင့် လူတစ်ဖက်သား ဘဝကို မသတ်ရန်သာ လိုအပ်သည်ဟု ပြောချင်သည်။
စာရေးသူ၏ မှတ်ချက်။ ။ ဤဆောင်းပါးသည် နွေဦးတော်လှန်ရေးအား ကျရာနေရာတွင် ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူ သူဆင်းရဲတစ်ဦး၏ ဖြစ်ရပ်မှန်အား ရေးသားထားခြင်း ဖြစ်သဖြင့် အမည်များ လွှဲပြောင်းကာ အချို့သော အကြောင်းအရာများအား ချန်လှပ်ဖော်ပြထားပါသည်။