ကျေးသီးတံတားနှင့် တပ်စခန်းတစ်ခု ထပ်မံသိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းများပါ ရှာဖွေသိမ်းဆည်းနိုင်ခဲ့ဟု MNDAA ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Nov 27, 2023

၁၀၂၇ စစ်ဆင်ရေး (၃၁) ရက်မြောက်နေ့ဖြစ်သည့် ယမ‌န်နေ့ (နိုဝင်ဘာ ၂၆) တွင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်များက သီပေါနှင့် ကျောက်မဲကြားရှိ ကျေးသီးတံတားနှင့် ကျင်းစန်းကျော် နယ်စပ်ဂိတ်ပေါက် တောင်ဘက်ခြမ်းရှိ လုံခမ်းတပ်စခန်းကိုလည်း သိမ်းယူနိုင်ခဲ့သည်ဟု ကိုးကန့်တပ်(MNDAA) ၏ ယ‌နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ်မတေယ်(TNLA) ပူးပေါင်းတပ်များသည် ကျေးသီးတံတားရှေ့ရှိ တပ်စခန်းနှစ်ခုကို နိုဝင်ဘာ (၂၄) ရက်နေ့ ည (၁၁) နာရီ (၃၇) မိနစ်ဝန်းကျင်တွင် သိမ်းယူနိုင်ခဲ့ပြီးနောက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ နံနက် (၈) နာရီ (၈) မိနစ် အချိန်ခန့်တွင် အဆိုပါ ကျေးသီးတံတားကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျင်းစန်းကျော်နယ်စပ်ဂိတ် တောင်ဘက်ခြမ်းရှိ လုံခမ်းတပ်စခန်းကိုမူ ယမန်နေ့ နေ့လယ် (၂) နာရီ (၁၈) မိနစ်ခန့်တွင် ကိုးကန့်တပ် (MNDAA) နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့ ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

 

ထို့အပြင် နိုဝင်ဘာ (၂၄) ရက်နေ့က ကိုးကန့်တပ်(MNDAA)က သိမ်းယူနိုင်ခဲ့သည့် နန့်စလပ်ရှိ တပ်ရင်း (၅၆၇၊ ၅၆၈) စခန်းများမှ ထွက်ပြေးလာသည့် မိသားစုဝင်များက လမ်းညွှန်ပြသခဲ့သဖြင့် ၎င်းတို့အဖွဲ့ ဝှက်ထားခဲ့သည့် ရိုင်ဖယ် (၁၃) လက်၊ စက်သေနတ် တစ်လက်၊ ကျည်ဘောက် (၃၁) ခု၊ ကျည်ကာဦးထုပ် သုံးလုံး၊ သေနတ်ပစ်ဗုံးသီး သုံးလုံးနှင့် ကျည် အတောင့် (၂၀၀၀) တို့ကို မူပန်(သိန္နီ) ခရိုင် အုပ်ချုပ်ရေးအဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ‌သိရသည်။

 

ကိုးကန့်တပ်များ သိမ်းပိုက်ထားသည့် တပ်ရင်း (၅၆၇၊ ၅၆၈) မှ ဒဏ်ရာရရှိနေသည့် စစ်ကောင်စီတပ်သား မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် မူပန် (သိန္နီ) ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေးအဖွဲ့ စေလွှတ်ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

အဆိုပါ မူပန်(သိန္နီ) ခရိုင်ရှိ စစ်ကောင်စီတပ်ရင်း (၂၉၁) ကို နိုဝင်ဘာ (၂၅) ရက်နေ့တွင် ဗုံးပစ်တိုက်ခိုက်ခဲ့သေးပြီး ရှမ်းမြောက်တခွင်တွင် စစ်ရေးဆက်လက်တင်းမာနေကာ ယခုအချိန်အထိ ကိုးကန့်တပ်(MNDAA) သိမ်းယူနိုင်ခဲ့သည့် စခန်းပေါင်း (၁၇၆) ခုရှိလာပြီဟုလည်း ဆိုထားသည်။

 

ထို့အပြင် ရှမ်း‌မြောက်တွင် အခြေပြုလှုပ်ရှားသော ညီနောင်သုံးဖွဲ့ တွင်ပါဝင်သော တအာင်းတပ်မတော်(TNLA) ကလည်း ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်စခန်း (၄၇) ခုထက်မနည်း သိမ်းယူထားနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသဖြင့် ၁၀၂၇ စစ်ဆင်ရေး တစ်လတာအတွင်း ရှမ်းမြောက်တခွင်ရှိ တပ်စခန်းပေါင်း (၂၂၀) ကျော်ကို စစ်ကောင်စီဘက်က လက်လွှတ်ထားရပြီလည်းဖြစ်သည်။