ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် PSLF/TNLA တာဝန်ရှိသူများ နမ့်ခမ်းဒေသခံများနှင့် တွေ့ဆုံ

Published on Apr 02, 2024

တအာင်းပြည်နယ်အတွင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် နမ့်ခမ်းဒေသခံများ တွေ့ဆုံခဲ့သည်ဟု ဧပြီလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ဧပြီလ ၁ ရက်နေ့၊ နံနက် ၉ နာရီတွင် နမ့်ခမ်းမြို့ ခန်းမ၌ သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး PSLF/ TNLA မှ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ကြီးတောင်တန်း၊ ဗိုလ်စကိုင်းမှ တက်ရောက်ဆွေးနွေးပြီးနောက် ကလေးသူငယ်များ၏ ပညာရေး၊ လက်ရှိနိုင်ငံရေး အခြေအနေ၊ မိုင်းအန္တရာယ်အသိပေးခြင်းနှင့် ဒေသဖွံဖြိုးရေးကိစ္စရပ်များ၊ နမ့်ခမ်းမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ပြည်သူများသိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို နမ့်ခမ်းမြို့နယ် ကျေးရွာအတွင်းရှိ ကျေးရွာ (၅၀)ရွာက ကျေးရွာဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူလူထုများနှင့်  PSLF/TNLA တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူဦးရေ (၁၂၀) ကျော် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

 

ဓာတ်ပုံ-PSLF/TNLA