ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်ခြင်းကိုရှုတ်ချပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်မည်ဟု ပူးတွဲသဘောထားထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 02, 2022

ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်ခြင်းကို ရှုတ်ချပြီး စစ်အာစာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်သွားမည်ဟု ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်အဖွဲ့အစည်း ကိုးဖွဲ့က ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ကမ္ဘာ့ရတနာဘဏ် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသား လူငယ် ၇ဦးကို အကြမ်းဖက် ဖက်ဆစ်အစိုးရမှ စွပ်စွဲဖမ်းဆီးခဲ့ပြီး နို၀င်ဘာ ၃၀ ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒါက ဖက်ဆစ်စစ်အစိုးရကနေ တော်လှန်ရေး အင်အားစုတွေကို ကြောက်လန့်အောင်ဖိနှိပ်တာဖြစ်သလို၊ ဖက်ဆစ်တွေရဲ့ ယုတ်မာရဲတင်းမှုတွေ ပိုပြီးဆိုးလာပြီဆိုတာကို ပြတာဖြစ်တယ်။ ပြည်သူ့အာဏာကို ခိုးယူလုယက်ပြီးတော်လှန်ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေပေမယ့် တော်လှန်ပြည်သူတွေ၊ လူငယ်တွေက ဆက်ပြီးတော်လှန်ကြမှာဖြစ်ပါတယ်” ဟု Ayeyarwaddy Youths Union ဒုတိယဥက္ကဌက CJ Platform သို့ပြောသည်။

အကြမ်းဖက်ဖက်ဆစ်စစ်အုပ်စုသည် တိုင်းပြည်အာဏာမတရားသိမ်းယူပြီးနောက် တရားစီရင်ရေးတွင် စစ်အုပ်စုအလိုကျ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း၊ သေဒဏ်ပေးခြင်းသည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီး အပြစ်မဲ့လူငယ်များ၊ တက်ကြွလှုပ်ရှားသူများအပေါ် လူသတ်ရာဇ၀တ်မှုများကျူးလွန်ခြင်းဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘယ်လောက် သေဒဏ်ပေးပေး၊ ဘယ်လောက် ခြိမ်းခြောက်ရက်စက်ပြနေပါစေ တော်လှန်ရေးက ရပ်တန့်မှာ မဟုတ်ဘဲ စစ်သုံးစစ်ကို အမြစ်ဖြတ် သင်္ဂြိုလ်ဖို့အတွက် လောင်စာတွေ တိုးလာနေပါပြီ၊ စစ်သုံးစစ်ကို အမြစ်ပြည်သည်အထိ တော်လှန်မှသာ တကယ့်လွတ်လပ်ခြင်းအစစ်မှန်ကို ရရှိမှာဖြစ်တယ်” ဟု Ayeyarwaddy Youths Union ဒုတိယဥက္ကဌက ပြောသည်။

စစ်ဖိနပ်အောက် တရားစီရင်ရေး၏ ရက်စက်ယုတ်မာမှုများတွင် ပတ်သက်ဆက်စပ်သူ ဗျူရိုကရက် အမှုထမ်းသူများအနေဖြင့် ယင်းကိစ္စများအပေါ် တာ၀န်ခံရမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့်အတူ ပြည်သူ့တရားစီရင်ရေးကို ခံရမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုများအပေါ်ရှုတ်ချပြီး ဖက်ဆစ်စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်သည်အထိ တော်လှန်ဆန့်ကျင်သွားမည်ဟု ထုတ်ပြန်ထားသည်။

အထက်ပါ ပူးတွဲထုတ်ပြန်ချက်ကို Ayeyarwaddy Youths Union ၊ YCU Foundation ၊ Venomous Snake ၊ Youths Force in Ayeyarwaddy Region ၊ တိုးတက်သောလူငယ်များအစည်းအရုံး၊ ပြည်သူ့၀န်ထမ်းများသမဂ္ဂ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ၊ ဖက်ဒရယ်ကျောင်းသားများသမဂ္ဂကို ယ်စားပြုကော်မတီနှင့် ဧရာ၀တီတိုင်းလယ်သမားများအင်အစုတို့က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သေဒဏ် #ရှုတ်ချ

Related News

Depend on news