ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း CDM ဆရာမကို စစ်ကောင်စီကထောင် ၇ နှစ်ချ

Author CJ Platform
Categories
Published on Aug 29, 2022

🖊ခေတ်နီ
မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်းနှင့် CDMဆရာမတစ်ဦးဖြစ်သူ မသဲစုနိုင် (ခ)မဂျူးကို ယနေ့ သြဂုတ်လ ၂၉ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မိတ္ထီလာ တရားရုံးမှ ပုဒ်မ ထောင်ဒဏ် ( ၇ )နှစ် ချမှတ်ခဲ့ကြောင်း CDM ဆရာ၊ဆရာမများထံမှသိရသည်။
မသဲစုနိုင်(ခ)မဂျူးသည် မတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၂ရက်နေ့မှာ သူ၏နေအိမ်၌ သေနတ်ပစ်ဖောက်ဖမ်းဆီးခြင်းခံခဲ့ရပြီး ၉လကြာ အမှုရင်ဆိုင်နေခဲ့ရတာလဲ ဖြစ်သည်။
ဖမ်းဆီးခံရစဥ်မှာ သူ၏ခြေထောက်သည်လည်း ကျိုးသွားခဲ့ပြီး ယနေ့အချိန်အထိ လုံးဝအရှင်း ပြန်လည် ကောင်းမွန်ခြင်းမရှိသေးကြောင်း CDM ဆရာ၊ဆရာများထံမှ သိရသည်။
“ဒီနေ့ မိတ္ထီလာတရားရုံးကနေ မဂျူးကို ထောင်ဒဏ်၇နှစ်ချတယ်လို့ သိရတယ်။ ဒါကတော့ စစ်ကောင်စီရဲ့ စွပ်စွဲဖမ်းဆီးပြီး တပ်ချင်တဲ့ပုဒ်မတပ် နှစ်ရှည်ထောင်ဒဏ်ချမှတ်မျိုးက သူတို့လုပ်နေကျ ဖိနှိပ်မှူတမျိုးပါပဲ။ ဒါက အထူးဆန်းမဟုတ်တော့ပေမယ့် အကြမ်းဖက်ဖမ်းဆီးချိန်က ရခဲ့တဲ့ဒဏ်ရာဟာ ခုလို ၁နှစ်ပြည့်ခါနီးအချိန်ထိ သက်သာပျောက်ကင်းခြင်းမရှိတာအတွက်တော့ ကျွန်တော်တို့ရဲ့ ဖမ်းဆီးခံရဲဘော်အတွက် အများကြီးစိုးရိမ်မိတယ်။ဒါကြောင့်မို့ ထောင်တွင်းမှာဆို လုံလောက်တဲ့ ဆေးကုသမျိုးရစေချင်ပါတယ်”ဟု CDM ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုညီညီဇင်က CJ Platformကို ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ကျောင်းသားသမဂ္ဂဝင်များကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးကာ ကြီးမားသည့် ပြစ်ဒဏ်များကို ချမှတ်လေ့ရှိသည်။