ကျောင်းသားလူငယ်များကို သေဒဏ်စီရင်ချက် ချမှတ်ခြင်းသည် စစ်အုပ်စုက ကမ္ဘာတစ်ဝှမ်းလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း NUG ဆို

Author လင်းခိုင်
Categories
Published on Dec 03, 2022

ကျောင်းသားလူငယ်များကို သေဒဏ်စီရင်ချက် ချမှတ်ခြင်းသည် စစ်အုပ်စုက ကမ္ဘာတစ်ဝှမ်းလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနတို့က ယနေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် နို၀င်ဘာ ၃၀ ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား ခုနှစ်ဦးနှင့် အခြားလူငယ်လေးဦးကို တရားဥပဒေဘောင်မ၀င်သော ထောင်တွင်းတရားရုံးတွင် စစ်ဆေးပြီး သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုသည် ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေး ချိုးဖောက်ခြင်း၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ကြသည့် နိုင်ငံရေးနည်းလမ်းများဖြင့် ဆန့်ကျင်ကြသည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်ပြီး ပြည်သူများ၏ နိုင်ငံရေး အခွင့်အရေးအများကို ချိုးဖောက်ခြင်းများကို ကျူးလွန်လျက်ရှိကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်အုပ်စုသည် တရားမ၀င် အာဏာသိမ်းစစ်အုပ်စုသာဖြစ်သဖြင့် တရားစီရင်ရေး ယန္တရားကို လည်ပတ်ရန် အခွင့်အာဏာမရှိကြောင်း၊ ထို့အပြင် သေဒဏ်စီရင်ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများဖြင့် ကိုက်ညီခြင်းမရှိသော လုပ်ရပ်ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်အတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးက တောင်းဆိုနေချိန်တွင် ယခုကဲ့သို့ ကျောင်းသားလူငယ်များအား သေဒဏ်စီရင်ချက် ချမှတ်ခြင်းသည် စစ်အုပ်စုက ကမ္ဘာတစ်ဝှမ်းလုံးအား စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

ယင်းအပြင် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တာ၀န်ယူတာ၀န်ခံရမည်ဖြစ်ကြောင်း၊ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိခိုက်နစ်နာရသော ပြည်သူလူထုအတွက် တရားမျှတမှုရရှိရန်အတွက် ဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ တစ်နိုင်ငံလုံး အနှံ့ နှိပ်စက် သတ်ဖြတ်ခံနေရသော အလုပ်သမား၊ လယ်သမား၊ ပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို သိမ်းဆည်းပြီး တရားမျှတမှု ရရှိနိုင်ရေးကို အစွမ်းကုန် ကြိုးစားသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သေဒဏ် #NUG