ကျောက်တော်အခြေစိုက် အမြောက်တပ် (၃၇၇)၊ ခမရ (၅၃၉) တပ်ရင်းများမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းမြောက်မြားစွာကို AA ထုတ်ပြ

Author အဂ္ဂ
Categories
Published on Jan 22, 2024

ရခိုင်ပြည် ကျောက်တော်မြို့နယ် အခြေစိုက် အမှတ် (၃၇၇) အမြောက်တပ်နှင့် ခြေမြန်တပ်ရင်း (ခမရ) ၅၃၉ တပ်ရင်းတို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ သိမ်းဆည်းရမိသည့် လက်နက်ကြီး လက်နက်ငယ်နှင့် စစ်အသုံးအဆောင် မြောက်မြားစွာကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) ညတွင် ထုတ်ပြန်ပြသခဲ့သည်။

ရက္ခိုင့်တပ်တော်သည် အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ဇန်နဝါရီ (၁၄) ရက်နေ့တွင်လည်းကောင်း၊ ခြေမြန်တပ်ရင်း (ခမရ) ၅၃၉ တပ်ရင်းကို ဇန်နဝါရီ (၁၆) ရက်နေ့တွင်လည်းကောင်း အသီးသီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝှစ်ဇာများ  လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အမြားနှင့် စစ်အသုံးအဆောင် အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ကို ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော် ထုတ်ပြန်သည့်ဓာတ်ပုံများတွင် ကျောက်တော်မြို့နယ်ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)  နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ညီညီဝင်းကိုလည်း ဆေးကုသပေးနေသည့် ဓာတ်ပုံကိုပါ ပူးတွဲထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာပင် ကျောက်တော်မြို့နယ်ရှိ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂၆) ဦးက  လက်နက်ချ အညံ့ခံသဖြင့်  ရက္ခိုင့်တပ်တော်က သိမ်းယူထားနိုင်ခဲ့ပြီး ကျောက်တော်မြို့နယ်အတွင်း အပေါက်ဝရဲစခန်းအပါအဝင် စစ်ကောင်စီ၏ အခြေစိုက်စခန်း (၇) ခုကို သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု ယမန်နှစ် ဒီဇင်ဘာ (၁၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိသိမ်းပိုက်နိုင်ခဲ့သည့် စခန်းနှစ်ခုပါ ထပ်ပေါင်းပါက ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၉) ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။

လက်ရှိတွင် ရက္ခိုင်ပြည်ရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော်  နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တိုက်ပွဲပြင်းထန်နေသည့် မြို့နယ်များတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ကာ အရပ်သားများကို ပစ်မှတ်ထား၍ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်ဟုလည်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်များတွင် ဆိုထားသည်။

 

ဓာတ်ပုံ – AA Info Desk