ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့အတွင်းရှိ စစ်ကောင်စီ ဝန်ထမ်းများအား K.N.D.O မှ သတိပေး

Author လင်းနွေဦး
Categories
Published on Oct 31, 2023

ကရင်အမျိုးသားအစည်းအရုံး (K.N.U ) အုပ်ချုပ်မှုနယ်မြေများ ဖြစ်သော ကျောက်ကြီးမြို့ နှင့် နတ်သံကွင်း မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအား သတိပေးစာတစ်စောင်ကို အောက်တိုဘာ (၃၀) ရက်နေ့ တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) မှ ထုတ်ပြန်ခဲ့သည်။

အချက် (၃) ချက် ပါဝင်သော သတိပေးစာအတွင်း ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့ ဒေသအတွင်း ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးတွင် ပူးပေါင်း ပါဝင်နေကြသည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ရဲ မီးသတ် ၊ အုပ်ချုပ်ရေးမှူး ၊ စာရင်းစစ် အစရှိသော စစ်ကောင်စီ လက်အောက်ခံ မည်သည့် ဝန်ထမ်း မဆို ဆက်လက် လုပ်ဆောifနေမှုကို ရပ်စဲရန် ပါရှိသည် ။

အကယ်၍ သတိပေးချက်အား မလိုက်နာပါ က ” ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ K.N.D.O မှ လုံခြုံရေးအရ ဆောင် ရွက် နေသည့် လုပ်ငန်းများ အပေါ် လိုက်ပါဆောင်ရွက် ခြင်းမရှိဘဲ ဖောက်ဖျက် ကျူးလွန်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ အဖွဲ့ အစည်း မှ တာဝန် ယူမည် မဟုတ်ကြောင်း ” သတိပေးဖော်ပြသည်။

ခလယ်လွီ ခူ (ညောင်လေးပင်) ခရိုင် အတွင်းရှိ လယ်ဒို (ကျောက်ကြီး) မြို့နယ် ၊ မူး (မုန်း) မြို့နယ် ၊ ရွေကျင် (ဆောထိ) မြို့နယ်တို့တွင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်မှုဒဏ်အား အများဆုံး ခံစားနေရပြီး ကျေးရွာပေါင်း (၂၀) ကျော်မှ ပြည်သူ စုစုပေါင်း (၃၈၆၅) ဦးမှာ စစ်ဘေးရှောင်နေရကာ အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိနေသည်။