ကျောက်ကြီးနှင့် နတ်သံကွင်းတို့တွင် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်သည့်လက်နက်ကြီးကြောင့် အဖွားအိုတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Feb 17, 2024

ပဲခူးတိုင်း၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ လယ်ဒို(ကျောက်ကြီး)နှင့် နတ်သံကွင်းမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ၏ အကြောင်းမဲ့ လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူပိုင် ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ ပြောကြားသည်။

စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက် တပ်စခန်း ခလရ-၂၆၄ တပ်မှ ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၇ နာရီခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် ချုံအင်းနှင့် ကညင်ကျိုးကျေးရွာတို့အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကညင်ကျိုးမှ ဒေသခံတစ်ဦး ကျည်စထိမှန် သေဆုံးခဲ့ရသည့်အပြင် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းရောက်မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

 

“ကျွန်တော်တို့နဲ့ စစ်ကောင်စီတပ်တွေက ဒီနယ်မြေမှာ မကြာခဏထိတွေ့မှုတွေ ဖြစ်လေ့ရှိတယ်ဗျ။ အဲဒီလို မဖြစ်လည်း ပစ်ချင်တဲ့အချိန်ပစ်တာပါပဲ။ ခုလည်း ပြည်သူတွေပဲထိတာ။ သတင်းက အမြဲပြန်ရောက်တယ်။ ကျွန်တော်တို့ဆီကို သတင်းပြန်ရောက်တဲ့အခါတိုင်းလည်း ရွာသားတွေခမျာ လက်နက်ကြီးထိလို့ သေရင်သေ၊ မသေရင် ဒဏ်ရာရ၊ နေအိမ်ပျက်စီး တစ်ခုမဟုတ်တစ်ခု ပြန်ကြားရတာကြီးပဲ” ဟု ခလယ်လွီထူ ရှေ့တန်းရောက် ရဲ​ဘော်က CJ Platform သို့ ပြောသည်။

ထိုနေ့ တစ်ရက်တည်း၌ပင် ယင်း ခလရ-၂၆၄ တပ်၏ ထပ်မံပစ်ခတ်ခဲ့သည့် ၁၅၅ မမ လက်နက်ကြီး တစ်လုံး ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် နတ်သံကွင်းမြို့ထဲသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ခင်ကန့်လန့်ကျေးရွာတွင်နေထိုင်သူ ၈၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန် သေဆုံးခဲ့ပြီး ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံးပျက်စီး၍ မွေးမြူရေးနွား ၃ ကောင်လည်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ရှေ့တန်းမြေပြင် သတင်းရင်းမြစ်က ထပ်မံအတည်ပြုပြောကြားသည်။

 

ယခုကဲ့သို့ စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူများသေဆုံးရသည့်ဖြစ်စဉ်ကို KNU သတင်းပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက အတည်ပြုထုတ်ပြန်ထားသည်။

 

စစ်ကောင်စီမှ လက်နက်ကြီးများပစ်ခတ်နေသည့် နတ်သံကွင်းမြို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော မဟာမိတ်တော်လှန်ရေးအင်အားစုများမှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု KNU မှ တရားဝင်ထုတ်ပြန်သည့်မြို့ဖြစ်သည်။