ကျိုင်းတုံမြို့အနီးလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နောက်ဆက်တွဲငလျင်များထပ်မံလှုပ်ခတ်နိုင်

Published on Aug 24, 2022

🖋လင်းခိုင်

ကျိုင်းတုံမြို့အနီးလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နောက်ဆက်တွဲငလျင်များထပ်မံလှုပ်ခတ်နိုင်ကြောင်း မြေငလျင်ပညာရှင်တစ်ဦးကပြောကြားသည်။

“ကျိုင်းတုံနားမှာက ပြတ်ရွေ့တော်တော်များတယ် တာလေပြတ်ရွေတို တောင်မြောက်သွားနေတဲ့ပြတ်ရွေ့တို အရှေ့အနောက်သွားနေတဲ့ပြတ်ရွေ့တို ပြတ်ရွေ့တော်တော်များများရှိတယ် အခုလှုပ်တာက ဇောက်လဲတိမ်တယ် အင်အားကလဲ ၆ဒသမ၁ဆိုတော့ နောက်ဆက်တွဲငလျင်လှုပ်နိုင်တယ် သပိတ်ကျင်းငလျင်တုန်းက အင်အား ၆ဒသမ၈နဲ့လှုပ်ခဲ့တာ နောက်ဆက်တွဲငလျင်က ၂၀၁၉ ၂၀၂၀ထိလှုပ်တယ် အခု ၆ဒသမ၁ဆိုတော့ နောက်ဆက်တွဲငလျင်က သုံးလေးငါးလလောက်ထိလှုပ်နိုင်တယ်”ဟု မြေငလျင်ပညာရှင်တစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၁ရက်ညပိုင်းက ကျိုင်းတုံမြို့အနီးတွင်ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငလျင်များသည် ဇူလိုင်လ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၁၀)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၂၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၉၁)ဒီဂရီ၊ အနက် (၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်။

ထိုပြင် ဇူလိုင်လ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၃၇)မိနစ်၊ (၂၆)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် (၁၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့ဘက် (၁၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၈၆)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်။

အဆိုလှုပ်ခတ်ခဲ့သည့်ငလျင်များကို ကျိုင်းတုံ တာချီလိတ် နမ့်စန် တောင်ကြီး နေပြည်တော် ပျဥ်းမနား ကျောက်ဆည် အစရှိသည့်မြို့များမှ ခံစားသိရှိခဲ့ကြောင်းသိရသည်။

“ညဆယ့်တစ်နာရီခွဲကျော်လောက်လှုပ်တာ ပထမအကြိမ်ထက် ဒုတိယအကြိမ်လှုပ်တာပိုကြမ်းတယ် နှစ်ကြိမ်လောက်ဆက်လှုပ်တော့လူလဲမအိပ်ရဲဖြစ်သွားတယ်”ဟု ကျိုင်းတုံဒေသခံတစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။
ထိုပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်- တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြိုအနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်းအရှေ့၊ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့အသေး များစွာရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားရနိုင်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။