ကျိုက်မရော ဒေသခံတစ်ဦး စစ်ကောင်စီတပ်သားများ၏ အရှင်လတ်လတ်မီးရှို့သတ်ခံရ

Author သီရိ
Categories
Published on Feb 08, 2024

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်၊ မရမ်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးသည် ယမန်နေ့က ချောင်းနှစ်ခွကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ၏ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် အသက် ၄၀ နှစ်အရွယ်ရှိ မရမ်းကုန်းကျေးရွာသားသည် ချောင်းနှစ်ခွနှင့် မရမ်းကုန်းကျေးရွာကြားရှိ လယ်ကွင်းတစ်နေရာ၌ ဆိတ်ကျောင်းနေစဉ် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ပြီး ၎င်းနှင့်အတူပါလာသည့် သုံးဘီးဆိုင်ကယ်အပြင် လူကိုပါ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသခံတစ်ဦးက ပြောသည်။

 

“ချောင်းနှစ်ခွ အနောက်ဘက်မရမ်းကုန်းရွာကြားလယ်ကွင်းမှာ ဆိတ်ကျောင်းနေတဲ့လူတစ်ယောက်ကို စစ်သားတွေက လေးငါးခြောက်ယောက်ထွက်လာပြီး သေနတ်နဲ့ ခြေထောက်ကို ခြောက်ချက်(ခန့်)ပစ်တယ်။ ပြီးတော့ လဲသွားမှ သူ့မှာပါလာတဲ့ ဆိုင်ကယ်သုံးဘီးနဲ့ လူကိုအရှင်လတ်လတ်ကြီးကို မီးရှို့သတ်တာ။ သူတို့ဖြစ်တဲ့နေရာက ရွာနဲ့တော့ နည်းနည်းလှမ်းတယ်။ သူတို့က ထွက်လာပြီးလုပ်တာ” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

 

ထို့ပြင် ယခုလက်ရှိအထိလည်း မီးရှို့ခံထားရသည့် မရမ်းကုန်းကျေးရွာသား၏ အလောင်းကို ပြန်လည်မယူဆောင်ရဲသေးတဲ့အတွက် မီးရှို့ခံထားရသည့်နေရာတွင်သာ ဆက်လက်ရှိနေသေးကြောင်း ဒေသခံများက ဆိုသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်လာ၍ ထွက်ပြေးပြီးနောက် ရွာအခြေအနေကို ပြန်လည်ကြည့်ရှုသည့် ချောင်းနှစ်ခွကျေးရွာသားတစ်ဦး ယင်းရွာတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်သားများ၏ ရိုက်နှက်နှိပ်စက်ခြင်းခံရသည့်အတွက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်မြို့တွင် ဆေးကုသမှုခံယူခဲ့ရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသည့် ယောကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ပျူစောထီးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။