ကျိုက်ထီးရိုး ဘုရားဖူး သုံးဦးသေဆုံးမှု စစ်ကောင်စီလက်ချက်ဟု ဖော်ပြသည့် BBCနှင့် ဧရာ၀တီသတင်းဌာနကို တရားစွဲမည်ဟု ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 15, 2022

ကျိုက်ထီးရိုး ဘုရားဖူး သုံးဦးသေဆုံးမှု စစ်ကောင်စီလက်ချက်ဟု ဖော်ပြသည့် BBC နှင့် ဧရာ၀တီ သတင်းဌာနကို တရားစွဲမည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် MRTV က ယနေ့တွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည့် အတိုင်း KNLA တပ်မဟာ ၁။ NUG၊ CRPH၊ PDFများ၏ တိုက်ခိုက်မှုကြောင့်ဘုရားဖူးပြည်သူများ သေဆုံးသည်ဟု မဖော်ပြသည့်အတွက် ယခုကဲ့သို့ စစ်ကောင်စီက တရားစွဲဆိုရန် လုပ်ဆောင်ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီဝါဒဖြန့် MRTV ၏ သတင်းကြေငြာချက်တွင် မိုက်ရိုင်းစွာ အသုံးအနှုန်းဖြစ်သည့် “ငါ့စကားနွားရပုံစံဖြင့် မြန်မာနိုင်ငံအပေါ် အဆိုးမြင်ဝါဒီများ၏ လက်ကိုင်တုတ်များဖြစ်သည့် ဗြောင်လိမ်ဗြောင်စား ဧရာ၀တီနှင့် BBC သတင်းဌာနများ၏ မြန်မာပိုင်းအစီအစဉ်တွင် အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့၀င်များက ဘုရားဖူးများအား ရမ်းသမ်းထုတ်ပြန်ခဲ့” သည်ဟု ထည့်သွင်းကြေငြာခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အတိုင်း မဖော်ပြမှုကြောင့် BBC နှင့် ဧရာ၀တီ သတင်းဌာနကို ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် မဟုတ်မမှန် အသရေဖျက်စွပ်စွဲမှုများအတွက် တရားစွဲဆိုဆောင်ရွက်မည်ဟု စစ်ကောင်စီဝါဒဖြန့် MRTV ကကြေငြာခဲ့သည်။

စစ်ကောင်စီသည် ယင်းတို့ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် ဆောင်ရွက်မှုများကို အခြားအဖွဲ့အစည်းများအား အမြဲလိုလို ပုံချလေ့ရှိပြီး၊ လက်ယပ်ကုန်းကျေးရွာ စာသင်ကျောင်း ကျေးရွာအား လေယာဉ်နှင့်တိုက်ခိုက်မှု ယခု ကျိုက်ထီးရိုး ဘုရားဖူးများ သေနတ်ဖြင့် ပစ်ခတ်ခံရမှုများကို ကြည့်ပါက အသိပင်ဖြစ်ကြောင်း ပြည်သူများက ထောက်ပြလျက်ရှိသည်။