ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၀ ဦးကို UWSA က တရုတ်ဘက် လွှဲပြောင်းပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၅၀ ဦးကို တရုတ်ဘက် လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ကော်မတီ ရဲဌာန (WSP) က မနေ့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၅၀ ဦးကို အခု ဇူလိုင် ၁၂ ရက်က တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် Yonghe ဆိပ်ကမ်းကနေတဆင့် တရုတ်အာဏာပိုင်တွေဆီ UWSA က လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ WSP က ဖော်ပြထားပါတယ်။
“ဝ” ထိန်းချုပ်ဒေသအတွင်းက ကျားဖြန့်လုပ်ကိုင်တယ်လို့ သံသယရှိတဲ့နေရာတွေကို “ဝ” ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် ကျားဖြန့်လုပ်ကိုင်နေသူတွေနဲ့အတူ မိုဘိုင်းဖုန်း၊ ကွန်ပျူတာနဲ့ အခြား ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ WSP က ဖော်ပြထားပါတယ်။
တရုတ်အစိုးရ အာဏာပိုင်တွေနဲ့ “ဝ” ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒေသတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာလုံခြုံရေး၊ ဘေးကင်းရေးနဲ့ နယ်စပ်တည်ငြိမ်ရေးကိစ္စတွေကိုလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း “ဝ” ပြည်နယ်အတွင်း ကျားဖြန့်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA တာဝန်ရှိသူတွေက ယူနန်ပြည်နယ် တရုတ်အစိုးရ အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့လည်း WSP က ထုတ်ပြန်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – WSP (Wa Special Police Webo)