ကျပ် ၅၀ နှင့် ၁၀၀ တန်များ ရုပ်သိမ်းမည့် သတင်းကောလာဟလဟုဆို ပြည်သူများစိုးရိမ်မှုမြင့်တက်ခဲ့

Author CJ Platform
Categories
Published on Sep 30, 2023

လူမှုကွန်ရက်ပေါ်ပြန့်နှံလာသည့် မြန်မာကျပ်ငွေ ၅၀ နှင့် ၁၀၀ တန်တို့ကို စစ်ကောင်စီဗဟိုဘဏ်ရုပ်သိမ်းမည့်သတင်းမဟုတ်မှန်ကြောင်း ထိုဘဏ်က ကြေညာချက်ထုတ်ပြန်သည်။

လတ်တလောကျပ်ငွေ၏ အနိမ့်ဆုံးကျပ်ငွေတန်များဖြစ်သည့် ၅၀ နှင့် ၁၀၀ တို့ကို ရုပ်သိမ်းရပ်စဲပြီး တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း ပါဝင်သည့် အမိန့်စာစောင်များမှာ မဟုတ်မမှန်သော သတင်းမှားများသာဖြစ်သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ယနေ့ထုတ်ပြန်သည်။

အဆိုပါ အမိန့်စာအတု ပျံ့နှံ့ခဲ့မှုကြောင့် ကြားသိရသူအချို့ စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။

” မနက်နိုးနိုးချင်း ရပ်ကွက်ထဲ အဲဒီသတင်းကြားရတာပဲ။ အိမ်နီးနားဝန်းကျင်က သူတွေကတော့ အနုတ်(၅၀၊ ၁၀၀ ကျပ်တန်)တွေကို အတန်ကြီး(တစ်ထောင်၊ ငါးထောင်၊ တစ်သောင်း) လဲထားကြတယ်။ တချို့ကလည်း အကုန်သုံးပစ်လိုက်တယ်။ ဈေးသည်တွေလည်း အသံတွေ ထွက်နေကြတယ်။ ၁၀၀ တန် တုတ်ထိုးရောင်းတဲ့ အဒေါ်တစ်ယောက်ဆိုရင် ဘာလုပ်ရမှန်းပါ မသိဖြစ်နေတယ်” ဟု မြောင်းမြမြို့နေ ဒေသခံတစ်ယောက်က ဆိုသည်။

ထို့နောက် “အသိတစ်ယောက် လာမပြောခင်အထိ မသိဘူး။ သူလာပြောပြီးတော့ ဒီသတင်းသိလိုက်ရတယ်။ သိသိပြီးချင်း စိတ်ထဲ အလုံးကြီးဆို့သွားသလိုပဲ။ ပထမဆုံးစိတ်ထဲပေါ်လာတာက အဲဒီလိုငွေဆယ်တန်၊ ရာတန်အသေးစားတွေကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ငါအတော်ကြပ်တော့မှာပဲလို့ တွေးမိတယ်။ ပြီးတော့ အောက်ခြေလူတန်းစားတွေရဲ့ အခြေ‌အနေကို မျက်လုံးထဲ သွားမြင်မိတယ် ” ဟု မန္တလေးမြို့နေ ဒေသခံပြည်သူတစ်ယောက်က CJ Platform သို့ ပြောသည်။

အမိန့်စာတုတွင် စစ်ကောင်စီနှင့် ဗဟိုဘဏ်တံဆိပ်များပါဝင်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် အမိန့်စာစောင်ပုံစံ ထုတ်ဝေထားခြင်းဖြစ်သည်။

အဆိုပါ အမိန့်စာအတုများ ပျံ့နှံ့ပြီး နာရီပိုင်းအတွင်းမှာပင် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်မှ သတင်းအတုများဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီဗဟိူဘဏ်ထုတ်ပြန်ချက်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပါဝင်သည့် ပုဒ်မ ၃၆ (င)အရ တရားဝင်ငွေကြေးအဖြစ် ထုတ်ဝေထားသည့် မည်သည့်ငွေကြေးကိုမဆို တရားမဝင်ငွေကြေးဟု မသတ်မှတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဤကဲ့သို့ သတင်းတု/သတင်းမှား ဖြန့်ဝေသူများကိုလည်း တည်ဆဲဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။